အင်းတော် ၂၈ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နန့်ခင့်ကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာရှိ ဆရာပွဲ မြန်မာ့ရိုးရာတူရိယာ(ဗုံ) လုပ်ငန်းပညာရှင် ဦးကျော်ညွှန့်က ထွင်းထုလှူဒါန်းမည့် စည်တော်ကြီးအား အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီက အဆိုပါ စည်တော်ကြီးထားရှိရာ လက်ပံကုန်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှ၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအဖွဲ့မှ ဦးသန်းဌေး၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင် ဦးကျော်ညွှန့်နှင့်မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ 

 

FB_IMG_1

 

အခမ်အနားတွင် ကြွရောက်လာကြသော ဆရာတော်ကြီးများထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူခဲ့ကြပြီး ဆရာတော်ကြီးများက ရတနာသုတ်တော်နှင့် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ကုသိုလ်ကောင်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ 

 

ယင်းနောက် တာဝန်ရှိသူများက စည်တော်ကြီးအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

 

FB_IMG_15

 

" စည်တော်ကြီးကို အခုလို အန္တရာယ်ကင်းပရိတ်ရွတ်ပြီး ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်မှာ အင်းတော်မြို့၊ အင်းမြသာယာ အားကစားကွင်းသို့ ပင့်ဆောင်ပူဇော်ထားရှိမှာ ဖြစ်ပါတယ်။  အဲ့ဒီနေ့ညမှာပဲ သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားချီးမြှင့်မှာ ဖြစ်ပါတယ်။ မတ်လ ၁၁ ရက်ကနေ  ၁၇ ရက် နံနက်ပိုင်းအထိ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ထားရှိမှာ ဖြစ်ပါတယ်။ မတ်လ ၁၇ ရက် နံနက်  ၉  နာရီမှာ စည်တော်ကြီးကို အင်းတော်မြို့မှ ဝန်းသိုမြို့၊ ထိုမှတစ်ဆင့် ကောလင်းမြို့သို့ ပင့်ဆောင် အပူဇော်ခံထားရှိမှာ ဖြစ်ပါတယ်။ ကောလင်းမြို့မှာ ညအိပ်ရပ်နားပြီး မတ်လ ၁၈ ရက်မှာ ကောလင်းမြို့မှ ရွှေဘိုမြို့သို့ ပင့်ဆောင်အပူဇော်ခံပြီး ရွှေဘိုမြို့မှာ ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်။ မတ်လ ၁၉ ရက်မှာ စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော် စေတီရှိ စည်တော်ကြီးထားရှိမည့် နေရာမှာ ပင့်ဆောင် အပူဇော်ခံထားရှိမှာ ဖြစ်ပါတယ် " ဟု မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်က ပြောပြသည်။ 

 

ကိုမင်း(အင်းတော်)  

 

FB_IMG_15