ရွာငံ  ၁၆  ဖေဖော်ဝါရီ 


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဗထူးခန်းမ၌   စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီ သီးနှံဌာနခွဲက ကြီးမှူးကျင်းပသည့် အရည်အသွေးမြင့် ကော်ဖီထုတ်လုပ်ခြင်းနှင့် ရေရှည်တည်တံ့သော ကော်ဖီစိုက်ခင်းတစ်ခုဖြစ်စေရန် အပင်ပုံသွင်းခြင်း နည်းပညာသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင်  တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ကော်ဖီထုတ်လုပ်ခြင်းနှင့် ရေရှည်တည်တံ့သော ကော်ဖီစိုက်ခင်းတစ်ခု ဖြစ်စေရန်အတွက်  အပင်ပြုပြင် ပုံသွင်းခြင်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ကော်ဖီရာသီ သီးနှံဌာနခွဲ (ရုံးချုပ်)မှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်းက ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာများကို  ရှင်းလင်းပြောကြားကာ  GAP guideline စာအုပ် ၁၀ဝ ကို ခရိုင်ဦးစီးမှူးအား ပေးအပ်သည်။


အဆိုပါသင်တန်းကို ကော်ဖီရာသီ သီးနှံဌာနခွဲ၊ နေပြည်တော်ရုံးချုပ်မှ   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်း၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေး ခြံပွေးတောင်၊  ပြင်ဦးလွင်မှ ဦးစီးအရာရှိ ဒေါ်ခင်မာကြည်၊ ပြင်ဦးလွင်မြို့နယ်  လက်ပံကုန်းခြံမှ ဦးစီးအရာရှိ ဒေါ်ခင်မီမီထွန်း၊ မိုးကုတ်မြို့မှ ဒုတိယဦးစီးမှူး ဦးရန်နိုင်ထွေးနှင့် ရွာငံမြို့နယ်မှ ခြံတာဝန်ခံ  ဦးသက်နိုင်ထွေးတို့က သင်ကြားပို့ချပေးမည်ဖြစ်ရာ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၉၅ ဦးတက်ရောက်ပြီး နှစ်ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်သည်။      


ရွာငံမြို့နယ်မှ ထွက်ရှိသော ကော်ဖီသည် အရည်အသွေးကောင်းမွန်ပြီး ကမ္ဘာ့အထူးတန်းဝင် ကော်ဖီအဖြစ် ထုတ်လုပ်ခြင်းနှင့် နိုင်ငံတကာသို့  တိုက်ရိုက်ရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ပြည့်ဖြိုးသန့် (ရွာငံ)