ဒေါက်တာသန်းနိုင်စိုး
ရာသီတုပ်ကွေးရောဂါ
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဆိုသည်မှာ ကမ္ဘာတစ်ဝန်းတွင် ကူးစက်ပျံ့နှံ့နေသည့် ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးများကြောင့် နှစ်စဉ်ဖြစ်ပွားနေကြဖြစ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်သည်။ လူအများစုမှာ ငါးရက်မှ ခုနစ်ရက်အတွင်း ပြန်လည်သက်သာလာသော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် ရောဂါပြင်းထန်စွာ ခံစားရသည့် လူနာသုံးသန်းမှ ငါးသန်းအထိရှိပြီး နှစ်စဉ်ရာသီတုပ်ကွေး ရောဂါနောက်ဆက်တွဲ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြင့် သေဆုံးသူ ခြောက်သိန်းခွဲခန့် အထိရှိနေသဖြင့် ပြည်သူ့ကျန်းမာရေးအတွက် အရေးကြီးသော ကူးစက်ရောဂါတစ်ခု ဖြစ်ပါသည်။
ရာသီတုပ်ကွေးရောဂါပိုးသည် အလွန်ကူးစက်မြန်ပြီး ရောဂါပိုးရှိသူလူနာ ချောင်းဆိုး၊ နှာချေရာမှ ထွက်လာသော အစက်အမှုန်အမွှားများကို ရှူရှိုက်မိခြင်း၊ လက်ဖြင့် ဗိုင်းရပ်စ်ရှိနေသော မျက်နှာပြင်များကို ကိုင်တွယ်မိပြီးနောက် မိမိ၏မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်ကို ပြန်လည်ထိတွေ့မိခြင်း၊ ရောဂါကူးစက်ခံစားနေရသူနှင့် အနီးကပ် ထိတွေ့ခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်ပါသည်။
ရာသီတုပ်ကွေး ရောဂါလက္ခဏာများ
ရာသီတုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများသည် အသက်ရှူလမ်းကြောင်းရှိ ကလာပ်စည်းများ (epithelial cells) ထဲသို့ ဝင်ရောက်ပြီး ၎င်းတို့၏ မျိုးဗီဇကိုအသုံးချကာ အဆမတန် ပွားများစေခြင်းဖြင့် ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသည်။ ရောဂါလက္ခဏာများအနေဖြင့် ရောဂါပိုးနှင့် ထိတွေ့ ပြီး ၁ ရက်မှ ၄ ရက်အတွင်း ရုတ်တရက်ကိုယ်ပူခြင်း၊ အဖျားကြီးခြင်း (၃၈°C သို့မဟုတ် ၁၀၀.၄°F နှင့် အထက်)၊ ချမ်းတုန်ခြင်း၊ လည်ချောင်းနာခြင်းနှင့် နှာရည်ယိုခြင်း၊ ချောင်းခြောက်ဆိုးခြင်း (ယင်းသည်ပြင်းထန်နိုင်ပြီး ရက်သတ္တနှစ်ပတ်ကျော်အထိ ကြာမြင့်နိုင်ပါသည်)၊ ကြွက်သားနှင့် အဆစ်အမျက်များ ကိုက်ခဲနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အလွန်အမင်း နုံးချည့်ခြင်းတို့ဖြစ်ကြပြီး ကလေးငယ်များတွင် ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် ငါးနှစ်အောက်ကလေးငယ်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များနှင့် နာတာ ရှည် ရောဂါအခံရှိသူများ (ဥပမာ-ဆီးချို၊ နှလုံး၊ ပန်းနာရင်ကျပ်၊ ကင်ဆာစသည်တို့)တွင် ရောဂါ ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါသည်။
ရာသီတုပ်ကွေးဗိုင်းရပ်စ်အုပ်စုများ
ရာသီတုပ်ကွေးဗိုင်းရပ်စ်အုပ်စု (A), (B), (C)နှင့် (D) ဟူ၍ လေးမျိုးရှိသော်လည်း အမျိုးအစား (A) နှင့် (B) သည် နှစ်စဉ်ဖြစ်ပွားသော ရာသီတုပ်ကွေး ကူးစက်ပျံ့နှံ့မှုများ၏ အဓိကလက်သည်ဖြစ်သည်။ အမျိုးအစား (C) သည် များသောအားဖြင့် သာမန် အအေးမိခြင်းကိုသာ ဖြစ်စေတတ်ပြီး အမျိုးအစား (D)သည် ကျွဲ၊ နွားများတွင်သာ အဓိကကူးစက်စေ၍ လူများကို ကူးစက်ခြင်း မရှိသလောက် နည်းပါးပါသည်။
အမျိုးအစား (A) သည် အပြင်းထန်ဆုံးနှင့် အဖြစ်အများဆုံးဖြစ်ပြီး ယင်းသည် လူအချင်းချင်း သာမက တိရစ္ဆာန်(ဥပမာ- ကြက်၊ ငှက်၊ ဝက်)တို့ ထံမှလည်း ကူးစက်နိုင်ကာ ကမ္ဘာလုံးဆိုင်ရာ တုပ်ကွေးကပ်ရောဂါ(Influenza Pandemic)များ ဖြစ်စေနိုင်သော အမျိုးအစားဖြစ်သည်။ အမျိုးအစား (B)သည် အမျိုးအစား (A) လောက် မပြင်းထန်သော်လည်း အန္တရာယ်ရှိနိုင်ဆဲဖြစ်ပြီး ထိုအုပ်စုတွင် Victoria နှင့် Yamagata မျိုးနွယ်စုများ ပါဝင်သည်။
ရာသီတုပ်ကွေး ဗိုင်းရပ်စ်ပိုး အမျိုးအစား (A သည် မျိုးဗီဇပုံစံ အမြဲပြောင်းလဲနေတတ်သော ဗိုင်းရပ်စ်ဖြစ်သည်။ အဆိုပါဗိုင်းရပ်စ်၏ အပြင်ဘက် မျက်နှာပြင်တွင် ဆူးချွန်လေးများကဲ့သို့သော ပရို တင်းများဖြစ်သည့် H နှင့် N သည် နှစ်စဉ် ပုံစံပြောင်းနေသဖြင့် လူသား၏ ကိုယ်ခံအားစနစ်က ယင်းတို့ကို အမြဲတမ်း မမှတ်မိနိုင်ပါ။ ထို့ကြောင့် ယခင်နှစ်က ရာသီတုပ်ကွေး ဖြစ်ဖူးသော်လည်း ယခုနှစ်တွင် ထပ်မံဖြစ်ပွားနိုင်ခြင်းဖြစ်ပြီး ရာသီတုပ်ကွေး ကာကွယ်ဆေးကိုလည်း နှစ်စဉ်အသစ်ထပ်မံ ထိုးနှံရန် လိုအပ်ခြင်း ဖြစ်သည်။
ဗိုင်းရပ်စ်ပိုး၏ မျက်နှာပြင်ရှိ ပရိုတင်း H (Hemagglutinin)သည် ဗိုင်းရပ်စ်ကို လူ၏ဆဲလ် အတွင်းသို့ ဝင်ရောက်နိုင်အောင် တံခါးဖွင့်ပေးသည့် သော့ (Key) ကဲ့သို့ လုပ်ဆောင်ပေးသည်။ (စုစုပေါင်း H1 မှ H18 အထိရှိပါသည်)။ ပရိုတင်း N (Neura-minidase)သည် ဆဲလ်တစ်ခုအတွင်း ဗိုင်းရပ်စ်ပိုးများ ပွားများပြီးနောက် အခြားဆဲလ်သစ်များဆီသို့ “ပျံ့နှံ့သွားအောင်” ကူညီပေးသည်။ (စုစုပေါင်း N1 မှ N11 အထိ ရှိပါသည်)။ သို့ဖြစ်၍ ဥပမာအားဖြင့် ရာသီတုပ်ကွေး ဗိုင်းရပ်စ်ပိုး A H1N1 ဆိုသည်မှာ Hemagglutinin(H)အမျိုးအစား (၁)နှင့် Neura-minidase(N) အမျိုးအစား(၁)ရှိသော ရာသီတုပ်ကွေး (A) အမျိုးအစားဗိုင်းရပ်စ်ကို ဆိုလိုခြင်းဖြစ်သည်။
ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးများ၏ မျိုးရိုးဗီဇနှင့် A(H3N2) Subclade - K
ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးများသည် မျိုးရိုးဗီဇ အမြဲပြောင်းလဲနေကြသဖြင့် ထိုပြောင်းလဲမှုများကို သိပ္ပံပညာရှင်များက မျိုးရိုးသစ်ပင် (Family Tree) ကဲ့သို့ မျိုးစိတ်အဆင့်ဆင့် ခွဲခြားသတ်မှတ်ကြရာ မူလဗိုင်းရပ်စ်၏ မိသားစုသစ်ပင်မှ ထွက်လာသော “အကိုင်းအခက်” သို့မဟုတ် “မျိုးနွယ်စု”ကို Clade သို့မဟုတ် Subclade ဟု ခေါ်ဆိုပါသည်။ ယခု မီဒီယာများတွင် ဖော်ပြနေသည့် K ဗိုင်းရပ်စ်ဆိုသည် မှာ A(H3N2)၏ မျိုးနွယ်စုသစ်တစ်ခု A(H3N2) Subclade K ကို အစွဲပြု၍ခေါ်ဆိုခြင်းဖြစ်၍ ယင်းသည် ရာသီတုပ်ကွေး ဗိုင်းရပ်စ်ပိုးအသစ် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ မူလရှိပြီးသား ရာသီတုပ်ကွေး ဗိုင်းရပ်စ် A(H3N2)၏ မျိုးနွယ်စုသစ်တစ်ခုသာ ဖြစ်ပါသည်။
Subclade K ကဲ့သို့သော မျိုးနွယ်စုသစ်များသည် ယခင်ရှိပြီးသား ကိုယ်ခံအား သို့မဟုတ် ကာကွယ် ဆေးဟောင်းများကို ရှောင်ကွင်းနိုင်စွမ်း ပိုရှိလာတတ်သောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အနေဖြင့် အမြဲစောင့်ကြည့်နေရခြင်းဖြစ်ပြီး လက်ရှိ အချက်အလက်များအရ Subclade K ဗိုင်းရပ်စ်များနှင့်စပ်လျဉ်း၍ ရောဂါပြင်းထန်မှု ပိုမိုဆိုးရွား လာသည့် လက္ခဏာကိုမူ တွေ့ရှိရခြင်း မရှိသေးကြောင်း သိရပါသည်။
ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေ
ကမ္ဘာလုံးဆိုင်ရာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှစတင်၍ အာရှဒေသ အပါအဝင် တစ်ကမ္ဘာလုံးတွင် တုပ်ကွေးကူးစက်မှု မြင့်တက်လာသော်လည်း ယင်းသည် နှစ်စဉ်ဖြစ်ပွား နေကျအခြေအနေထက် ပိုမိုပြင်းထန်ခြင်း မရှိကြောင်း၊ ယခုနှစ်တွင် Influenza A(H3N2) ဗိုင်းရပ်စ်မှာ အဓိကပျံ့နှံ့နေပြီး ယင်း၏မျိုးနွယ်စုသစ်ဖြစ်သော Subclade K ကိုလည်း ကမ္ဘာ့နိုင်ငံ ၃၄ နိုင်ငံတွင် တွေ့ရှိထားကြောင်း သိရသည်။
Influenza A (H3N2)သည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကတည်းက ကမ္ဘာပေါ်တွင် စတင် ပျံ့နှံ့ခဲ့ပြီး ယနေ့တိုင် ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးအဖြစ် တည်ရှိနေခြင်းဖြစ်သည်။ အဆိုပါ ရာသီ တုပ်ကွေး ဗိုင်းရပ်စ်ကို ၁၉၆၈ ခုနှစ် ဇူလိုင်လတွင် ဟောင်ကောင် (တရုတ်နိုင်ငံ) ၌ ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ပြီး "Hong Kong Flu" ဟု လူသိများခဲ့ သည်။ အခြားသော ရာသီတုပ်ကွေးရောဂါပိုးဟောင်းများ (ဥပမာ- H2N2)မှာ ပျောက်ကွယ်သွားသော်လည်း H3N2 မှာမူ နှစ်ပေါင်း ၅၇ နှစ် ကြာသည့်တိုင် ဆက်လက်ရှင်သန်နေဆဲဖြစ်ခြင်းမှာ မျိုးရိုးဗီဇကို အလွန်လျင်မြန်စွာပြောင်းလဲနိုင်စွမ်းရှိခြင်းကြောင့် ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် Influenza A (H3N2) Subclade K ကဲ့သို့သော မျိုးနွယ်စုသစ်များအထိ ဆင့်ကဲပြောင်းလဲခြင်းဖြစ်ပါသည်။ သို့ရာတွင် ထိုသို့ ဗိုင်းရပ်စ်၏မျိုးဗီဇပြောင်းလဲတိုင်း ယင်းနှင့်ကိုက်ညီသော ကာကွယ်ဆေးကို နှစ်စဉ်ပြန်လည် အချိန်မီ ထုတ်လုပ်နိုင်သည်ဖြစ်၍ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကဲ့သို့ မိဘပြည်သူများအနေဖြင့် အထူးတလည် စိုးရိမ်စရာမလိုအပ်သည့် အခြေအနေဖြစ်ပါသည်။
မိမိတို့ မြန်မာနိုင်ငံ၏ လက်ရှိရာသီတုပ်ကွေး ရောဂါဖြစ်ပွားမှုအခြေအနေအရ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှစတင်၍ မူလ Influenza A (H3N2) ပိုးမှာ အဓိကပျံ့နှံ့နေသည့် ရာသီတုပ်ကွေး ဗိုင်းရပ်စ် ပိုးအဖြစ်တွေ့ရှိနေရသော်လည်း ဤပိုးအမျိုးအစားသည် ယခင်နှစ်များကတည်းကပင် မြန်မာနိုင်ငံ၌ ရှိနေပြီးသားဖြစ်၍ ပြည်သူလူထုအတွင်း ကိုယ်ခံစွမ်းအား အသင့်အတင့် ရှိနေပြီးဖြစ်ပါသည်။
ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ
ကျန်းမာရေးဝန်ကြီးဌာနက ရာသီတုပ်ကွေးရောဂါပိုးအမျိုးမျိုးကူးစက်ဖြစ်ပွားမှုကို သိရှိစေရေးအတွက် တုပ်ကွေးဆန်သောလက္ခဏာများနှင့် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းအား ပြည်သူ့ဆေးရုံ ၂၄ ရုံ၌ လူနာများထံမှ ဓာတ်ခွဲနမူနာများ အပတ်စဉ် ရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တွင် ဓာတ်ခွဲစစ်ဆေးခြင်းအား ဆောင်ရွက်လျက်ရှိရာ ဓာတ်ခွဲစစ်ဆေးချက်များအရ ယနေ့ အထိ Influenza A (H3N2) Subclade K ကို မြန်မာနိုင်ငံတွင် တွေ့ရှိခြင်းမရှိကြောင်း သိရသည်။ ထို့ပြင် ပြည်သူ့ဆေးရုံများတွင် တက်ရောက်လာသူများတွင် ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း စဉ်အရ ပြင်းထန်ရာသီတုပ်ကွေးဖြစ်ပွားသူ အရေအတွက်မှာ နှစ်စဉ် သာမန်ဖြစ်ပွားလေ့ရှိသည့် အရေအတွက်တွင်သာရှိကြောင်း တွေ့ရသည်။
ပြင်းထန်ရောဂါလက္ခဏာများ
ရာသီတုပ်ကွေးရောဂါသည် သာမန်အားဖြင့် ၅ ရက်မှ ၇ ရက်ခန့်အတွင်း ပြန်လည်သက်သာသွား လေ့ရှိသော်လည်း အောက်ပါပြင်းထန်သော လက္ခဏာများကို ခံစားရပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပြသပြီး အရေးပေါ်ကုသမှုခံယူရပါမည်-
အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူရသည်မှာ မဝသကဲ့သို့ဖြစ်ခြင်း၊ အသက်ရှူနှုန်း အလွန်မြန်ခြင်း သို့မဟုတ် အသက်ရှူလျှင် မောဟိုက်နေခြင်း၊
ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်အတွင်း တင်းကျပ်နေခြင်း သို့မဟုတ် အသက်ရှူသွင်း၊ ရှူထုတ်သည့်အခါတွင် နာကျင်ခြင်း၊
ချောင်းဆိုးရာတွင် သလိပ်ထဲ၌ သွေးပါလာခြင်း သို့မဟုတ် အဝါရောင်၊ အစိမ်းရောင် သလိပ်များ အလွန်အများထွက်လာခြင်း၊
အဖျား လုံးဝမကျခြင်း သို့မဟုတ် အဖျားပြန်တက်လာခြင်း (အထူးသဖြင့် အဖျားကျသွားပြီးမှ ပြန်တက်လာခြင်း)
အဖျားကြီး၍တက်ခြင်း၊ သတိလစ်ခြင်း၊
ကလေးငယ်များတွင် အသက်ရှူလျှင် ရင်ဘတ်ချိုင့်ဝင်ခြင်း (အသက်ရှူရခက်ခဲသောကြောင့် နံရိုးကြားများ ချိုင့်ဝင်သည်အထိ အားစိုက်ရှူနေရခြင်း)
အစာ သို့မဟုတ် ရေကို လုံးဝမစားသောက် ခြင်းတို့ဖြစ်ပါသည်။
အထက်ဖော်ပြပါ ပြင်းထန်ရောဂါလက္ခဏာများ ပေါ်ပေါက်ပါကခံစားရပါက ပြည်သူ့ဆေးရုံများတွင် ရာသီတုပ်ကွေးရောဂါအမျိုးမျိုးအတွက် ထိရောက်သော ရောဂါကုသဆေးနှင့် ရောဂါကုထုံးများရှိပြီးဖြစ်၍ အချိန်မီရောက်ရှိပါက ရောဂါမှ အပြည့်အဝ ပြန်လည်ကောင်းမွန်လာသည်အထိ ဆေးကုသစောင့်ရှောက်မှုများ ပေးအပ်နိုင်မည် ဖြစ်ပါသည်။
ရာသီတုပ်ကွေးရောဂါ သတိပြု ကာကွယ်ပါ
ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းမွန်သည်” ဖြစ်သည်နှင့်အညီ မိဘပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများ ဖြစ်သည့်-
ဆပ်ပြာ၊ ရေ သို့မဟုတ် ရေမလို လက်သန့် ဆေးရည်ဖြင့် စနစ်တကျလက်ဆေးခြင်း၊
ဖျားနာခြင်းအစရှိသော သံသယလက္ခဏာ ရှိသူများအနေဖြင့် နှာချေချောင်းဆိုးခြင်း ခံစားနေရပါက ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ခြင်း၊ ပါးစပ်နှာခေါင်းစည်း မဝတ်ခင်အချိန်တွင် နှာချေ၊ ချောင်းဆိုးပါက တစ်ရှူး သို့မဟုတ် တံတောင်ကွေးဖြင့် အုပ်၍ဆိုးခြင်း၊
ရောဂါပြင်းထန်စွာခံစားရနိုင်ခြေရှိသူများဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်ငါးနှစ်အောက် ကလေးငယ်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ပုဂ္ဂိုလ်များနှင့် နာတာရှည်ရောဂါအခံရှိသူ များသည် ရောဂါပိုးကူးစက်ခြင်းခံရသူ သို့မဟုတ် သံသယလူနာများနှင့် တတ်နိုင်သရွေ့ အနီးကပ် ထိတွေ့မှုမပြုခြင်း၊
ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေရှိသူများသည် နှစ်စဉ်နှစ်အလိုက် ထွက်ရှိသည့် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ယခုကဲ့သို့ဆောင်းရာသီအချိန်ကာလတွင် ဖြစ်ပွားမှု များပြားလေ့ရှိသည့် ရာသီတုပ်ကွေးရောဂါအမျိုး မျိုးနှင့် ယခုမီဒီယာများတွင် ဖော်ပြနေသည့် K ဗိုင်းရပ်စ်ဆိုသည်နှင့် စပ်လျဉ်း၍ အထူးတလည် စိုးရိမ်ကြောင့်ကြရန်မလိုဘဲ ကျန်းမာရေးဝန်ကြီး ဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာလျက်ရှိသည့် ကျန်းမာရေးအသိပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်၍ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိစွာဖြင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို သတိပြုဆောင်ရွက်ကြပါရန် ရေးသားတိုက်တွန်းလိုက်ရပါသည်။ ။


