အစ္စလာမ္မာဘတ် အောက်တိုဘာ ၁၆
အစားအသောက်ဖူလုံမှုမရှိခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းကြောင့် ခြိမ်းခြောက်မှုများ တိုးလာရသည့်အပေါ် တစ်ကမ္ဘာလုံးမှ ဝိုင်းဝန်းဖြေရှင်းကြရန် အောက်တိုဘာ ၁၆ ရက်တွင် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှာအစ်ဖ်က တောင်းဆိုခဲ့သည်။ လူတိုင်းအာဟာရပြည့်ဝသည့် အစားအသောက်များရရှိနိုင်ရန် အလေးထားဆောင်ရွက်ရာတွင် ကမ္ဘာအသိုင်းအဝိုင်းနှင့်အတူ ပါကစ္စတန်လည်းရပ်တည်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနေ့တွင် ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
လူတိုင်းအတွက် စားနပ်ရိက္ခာဖူလုံရေး နိုင်ငံအဆင့်တွင်သာမက အပြည်ပြည်ဆိုင်ရာအဆင့်တွင်ပါ လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ရန်လိုအပ်သည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ယခုနှစ်အတွက်ဆောင်ပုဒ်မှာ ပိုမိုကောင်းမွန်သည့် အစားအသောက်နှင့် ပိုမိုကောင်းမွန်သည့် အစားအစာအတွက် လက်တွဲဆောင်ရွက်ကြပါစို့ ဟူ၍ဖြစ်သည်။
အဆိုပါဆောင်ပုဒ်သည် အစိုးရ၊ တောင်သူလယ်သမား၊ အဖွဲ့အစည်းများနှင့် နိုင်ငံသားများအတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ ရာသီဥတုပြောင်းလဲမှုသည် ကောက်ပဲသီးနှံများပျက်စီးဆုံးရှုံးမှုနှင့် လူမှုစီးပွားဘဝများ ထိခိုက်မှုကိုဖြစ်ပေါ်စေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ထို့ပြင် ပါကစ္စတန်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများ လျော့ပါးစေရန် ရနိုင်သမျှသော အရင်းအမြစ်များကို အသုံးချလျက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဆင်ဟွာ


