ကျောက်တံခါး  ၁၀  ဖေဖော်ဝါရီ


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ရှိ ရဲနွယ်ဆည်ရေကြောင့် ဒေသခံတောင်သူများ နွေစပါးများ စတင်စိုက်ပျိုးနိင်ပြီဖြစ်၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


“ကျွန်တော်တို့ တောင်သူတွေ မိုးစပါးပြီးတာနဲ့ မိရိုးဖလာ မတ်ပဲနဲ့ ပဲတီစိမ်းကိုပဲ နှစ်စဉ်စိုက်ခဲ့ကြတာပါ၊ ဒီနှစ်တော့ ဆည်မြောင်းက တာဝန်ရှိသူတွေကလည်း တူးပြီးသားမြောင်းတွေကနေ ဆည်ရေလွှတ်ပေးမယ်၊ သီးနှံဈေးကွက် ပိုမိုတည်ငြိမ် ခိုင်မာမှုရှိတဲ့ နွေစပါးပြောင်းပြီး စိုက်ကြည့်ကြပါ၊ ဆည်ရေတွေ အလုံအလောက် ရှိပါတယ်ဆိုပြီး စည်းရုံးလာတာနဲ့ လယ်သမားတွေ စုစည်းတိုင်ပင်ပြီး အခုလို နွေစပါး ပြောင်းလဲစိုက်ပျိုးခဲ့ကြတာ။ အခုဆိုရင် စိမ်းစိမ်းစိုစိုနဲ့ အရမ်းကို အဆင်ပြေ အောင်မြင်နေပါပြီ၊ ဒီနှစ်က အဦးဆုံး နွေစပါး စပြီးစမ်းသပ်စိုက်တဲ့နှစ် ဆိုပေမယ့် တောင်သူတွေ စိတ်ဝင်စားကြတာမို့ ဧက (၃၀ဝ၀)ပြည့် အောင်စိုက်ကြမှာပါ၊ လာမယ့်နှစ်ဆိုရင်တော့ ပဲမစိုက်တော့ဘဲ နွေစပါးကိုသာ အများဆုံးစိုက်ကြပါလိမ့်မည်” ဟု ဘွဲ့ချင်ကျေးရွာမြောက်စု တောင်သူ ဦးတင်ဆင့်မှ ပြောသည်၊


တောင်သူများအနေဖြင့် ယခင်က ဆောင်းသီးနှံအဖြစ် မတ်ပဲနှင့် ပဲတီစိမ်းကိုသာ စိုက်ပျိုးရန် ဆန္ဒရှိခဲ့ရာ နွေစပါးစိုက်ပျိုးနိုင်ခြင်း မရှိခဲ့ပေ။ သို့ရာတွင် သီးနှံဈေးကွက် ပြောင်းလဲမူအရလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမူ စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း၍ တောင်သူများနှင့် တွေ့ဆုံကာ နွေစပါးစိုက်ပျိုးရန်နှင့် ဆည်ရေ လုံလောက်စွာ ပေးဝေနိုင်မှုအတွက် အာမခံညှိနှိုင်းခဲ့မှုကြောင့် ၂၀၁၈-၂၀၁၉ ပွင့်လင်းရာသီ၌ နွေစပါးဧက (၃၀ဝ၀)ခန့် စိုက်ပျိုးလိုကြောင်း တောင်သူများ၏ သဘောဆန္ဒအရ ရေပေးမြောင်း ပြုပြင်ခြင်းလုပ်ငန်းများအား စက်ယန္တရား၊ လူအင်အားတို့ဖြင့် အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရဲနွယ်ဆည်ရေသောက် စနစ်အတွင်း တူးဖော်ဆောင်ရွက်ပြီးဖြစ်သည့် လက်တံမြောင်းခွဲ အမှတ်(၁) ရေသောက်စနစ်မှ နွေစပါးဧက (၃၀ဝ၀) စတင်စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ ယနေ့အထိ နွေစပါးဧက (၁၅၇၂)ခန့် စိုက်ပျိုးပြီးဖြစ်ကာ သတ်မှတ်လျာထားဧက (၃၀ဝ၀)အား စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


နေလင်း(ညောင်လေးပင်)