မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မော်တော်ကားစီးရေ ၁၀၈၀၀၀၀ ကျော်၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီအပါအဝင် စက်တပ်ယာဉ်စီးရေ ၇၃၀၀၀၀၀ ကျော်ရှိကြောင်း ၂၀၁၉ ခုနှစ် စာရင်းများအရ သိရသည်။ အဆိုပါ အရေအတွက်များသည် မှတ်ပုံတင်ထားပြီးသော ယာဉ်များဖြစ်ပြီး စက်ဘီး၊ ဆိုက်ကား စသည့်ဘီးတပ်ယာဉ်များလည်း ရှိနေရာ ၎င်းယာဉ်များအားလုံးအတွက် တာယာ၊ ကျွတ် စသည်တို့၏ လိုအပ်ချက်များမှာလည်း များပြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၂၉ ရက် က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတာယာစက်ရုံ (ရွာမ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားရာတွင် ပြည်တွင်းမှထုတ်လုပ်သည့်တာယာများဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်၊ ဈေးကွက်လိုအပ်ချက်နှင့် ဈေးကွက်အတွင်း အသုံးများသည့် အမျိုးအစားများကို သိရှိအောင်ဆောင်ရွက်ပြီး ပြည်တွင်း ပြည်ပဈေးကွက် တိုးမြှင့်ရရှိနိုင်ရေး ဈေးကွက်ရှာဖွေဆောင်ရွက်သွားရန်၊ လယ်ယာသုံးစက် ကိရိယာများတွင် အသုံးပြုသည့် တာယာများကိုလည်း ထုတ်လုပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားရန်၊ ပြည်တွင်း၌ အဆင့်မြင့်ရော်ဘာများ ထုတ်လုပ်နိုင်ရေးနှင့် ရော်ဘာထုတ်ကုန် ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်တို့ကို မှာကြားထား ခဲ့ကြောင်း သိရသည်။
စက်မှုကုန်ကြမ်းသီးနှံ ရော်ဘာကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် ဧက ၁ ဒသမ ၆၄ သန်း စိုက်ပျိုးထားပြီး အစေးခြစ်ဧက တစ်သန်းနီးပါးမျှ၊ ရော်ဘာတန်ချိန် သုံးသိန်းကျော် ထွက်ရှိသည်။ နှစ်စဉ်ထွက်ရှိသည့် ရော်ဘာထဲမှ တန်ချိန် ၂ သောင်းကျော်ကို ပြည်တွင်း၌ သုံးစွဲပြီး တန်ချိန် သုံးသိန်းခန့်ကို ပြည်ပသို့ တင်ပို့ရောင်းချသည်။ ရော်ဘာတင်ပို့မှုမှ နိုင်ငံခြားငွေ ရရှိမှုအနေဖြင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း တစ်နှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ ၄၅၀ ကြားရှိခဲ့သည်ဟု သိရသည်။ မြန်မာရော်ဘာဖိုရမ် ၂၀၂၃ ကို ယမန်နှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့ရာတွင် မိမိတို့နိုင်ငံအနေဖြင့် ရော်ဘာအခြေခံထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ရန် အခြေခံကောင်းများရှိသော်လည်း ထုတ်လုပ်မှု ကဏ္ဍကို အားပေးမှု မရှိခဲ့ခြင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မရှိခြင်း စသည်တို့ကြောင့် ပြည်ပမှ ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်းများ တင်သွင်းနေရခြင်းရှိနေပါကြောင်း၊ ဥပမာအားဖြင့် စက်ဘီးနှင့် မော်တော်ဆိုင်ကယ်တာယာများ၊ ကျွတ်များကို နှစ်စဉ် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၆၅ သန်းဖိုးခန့် တင်သွင်းနေရပါကြောင်း နိုင်ငံတော်အကြီးအကဲက အမှာစကားထည့်သွင်း ပြောကြားခဲ့ပြီး ပြည်တွင်း၌ ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများ တိုးတက်အောင် ပံ့ပိုးဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းရော်ဘာဈေးကွက်ရရှိခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည့်အတွက် စက်ဘီးနှင့် မော်တော်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို မဖြစ်မနေထုတ်လုပ်ရန်လည်း အလေးအနက် တိုက်တွန်းပြောကြားခဲ့သည်။
ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ရော်ဘာစက်မှုလုပ်ငန်းတို့မှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲ ပြုနေကြပြီး အလားအလာကောင်းများရှိနေကြသည့် လုပ်ငန်းများပင်ဖြစ်သည်။ ဘီးတပ်ယာဉ် မျိုးစုံအတွက် တာယာမျိုးစုံ၊ ကလေး၊ လူကြီး၊ ကျားမအရွယ်စုံတို့အတွက် ခေတ်အကြိုက် ရော်ဘာဖိနပ်ပုံစံ ဆန်း မျိုးစုံတို့ကို ပြည်ပမှဝယ်ယူ တင်သွင်းနေရခြင်းဖြစ်ရာ မိမိ တို့ စိုက်ပျိုးထုတ်လုပ်သည့်ရော်ဘာ၊ မိမိတို့၏ စက်မှုလုပ်ငန်းများ ဖြင့် “ပြည်တွင်းဈေးကွက် ကိုယ့်ဈေးကွက်”ဖြစ်အောင် လုပ်နိုင်သည်။ တာယာစက်ရုံ (ရွာမ) မှ ထုတ်လုပ်သည့် TRI STAR တာယာများ အရည်အသွေးကောင်းမွန်မှုကြောင့် ပြည်ပဈေးကွက် တွင် လူကြိုက်များခြင်း၊ ပြည်ပမှ တင်သွင်းသည့် အခြားတာယာများထက် TRI STAR တာယာများက အရည်အသွေးပိုမိုကောင်းမွန် ပြီး ဈေးနှုန်းမှန်ကန်ခြင်းတို့ကို ပြည်တွင်း၌ ပို၍လူသိများလာစေရန် လိုအပ်သည်။ သို့အတွက် ဈေးကွက်မြှင့်တင်မှု၊ ယှဉ်ပြိုင်မှုတို့ ပိုမိုပြုလုပ်ရန် ဈေးကွက်လိုအပ်ချက်နှင့်အညီ ထုတ်လုပ်ပေးနိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှုနှင့် ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဒေသတွင်းနိုင်ငံများနှင့် ရင်ဘောင်တန်း နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း


