ရေအရင်းအမြစ်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ဖို့ ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ကြပါစို့

မိုး/ဇလ

ရာသီဥတုပြောင်းလဲလာခြင်း၏အကျိုးဆက်များ

ရာသီဥတုပြောင်းလဲလာခြင်း၏ အကျိုးဆက်များကြောင့် ကမ္ဘာ့နိုင်ငံအများစု၏ ရေဆိုင်ရာကဏ္ဍများတွင် တိုက်ရိုက်အကျိုးဆက် ခံစားရလျက်ရှိပြီး ယင်းအကျိုးသက်ရောက်မှုသည် သက်ရှိလူသားများ၊ ဂေဟစနစ်များအပြင် စိုက်ပျိုးရေး၊ စွမ်းအင်နှင့် စက်မှုကဏ္ဍစသည့်ကဏ္ဍအသီးသီးတို့ကိုပါ ထိခိုက် စေလျက်ရှိကြောင်း တွေ့ရှိကြရပါသည်။ ၂၀ ရာစုနှစ်လယ်ပိုင်းမှစတင်ပြီး ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ရေသံသရာလည်မှုများကို ထင်ရှားစွာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကိုလည်း တွေ့ရှိခဲ့ကြရပါသည်။ ဤပြောင်းလဲမှုများသည် ကမ္ဘာပေါ်ရှိ ရေအရင်းအမြစ်၊ ရေနှင့် သန့်ရှင်းရေ ရရှိနိုင်မှုများအပေါ် များစွာသက်ရောက်မှုရှိသည်ကိုလည်း တွေ့ရှိကြရပါသည်။ ရာသီဥတုပြောင်းလဲမှုများ၏ သက်ရောက်မှုကြောင့် မိုးခေါင်ခြင်း၊ မိုးသည်းထန်ခြင်း၊ အပူချိန်မြင့်မားခြင်းနှင့်အတူ ရေငွေ့ပြန်ခြင်းနှင့် ရေလိုအပ်ချက်များ မြင့်မားလာခြင်း၊ ရေခဲတောင်များ အရည်ပျော်ခြင်းနှင့် မိုးရွာသွန်းမှု ပုံစံပြောင်းလဲလာခြင်း၊ လွန်ကဲမိုးလေဝသဖြစ်စဉ်အရေအတွက် တိုးမြင့်လာခြင်းစသည်တို့ကြောင့် ရေလိုအပ်ချက်ပုံစံပြောင်းလဲလာခြင်းများ ဖြစ်ပေါ်စေသည်ကို တွေ့ရှိကြရပါသည်။

ရာသီဥတုပြောင်းလဲလာခြင်း၏ သက်ရောက်မှုများကြောင့် ရေနှင့်ဆက်စပ်ပြီး တွေ့ကြုံခံစားကြရသော်လည်း ရေသည် ရာသီဥတုပြောင်းလဲခြင်းနှင့်အတူ လိုက်လျောညီထွေနေထိုင်နိုင်ရေးနှင့် လျော့ပါးသက်သာစေရေးတို့အတွက်လည်း မရှိမဖြစ်လိုအပ်လျက်ရှိရာ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအစီရင်ခံစာများတွင်လည်း ရေသည် ရာသီဥတုနှင့် လိုက်လျောညီထွေနေထိုင်နိုင်ရေးအတွက် အဓိကသော့ချက်တစ်ခုဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ယင်းအစီရင်ခံစာများတွင် ရေ၏အရေးပါမှုများကို ရေနှင့်ဆက်စပ်သည့် လိုက်လျောညီထွေနေထိုင်ရေးလုပ်ငန်းများတွင် တိုက်ရိုက်သော်လည်းကောင်း၊ အခြားသောကဏ္ဍများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့်သော်လည်းကောင်း ရေ၏အရေးပါမှုများကို အလေးပေးဖော်ပြထားရှိပြီး အထူးသဖြင့် ရေရှားပါးခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းကဲ့သို့သော အကျိုးသက်ရောက်မှုများကို သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် ရေနှင့်ဆက်စပ်ပြီး လိုက်လျောညီထွေနေထိုင်နိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပေသည်။ ရာသီဥတုဒဏ်ခံနိုင်ရည်အားကောင်းလာစေရန်အတွက် အကျိုးသက်ရောက်မှုရှိသည့် လိုက်လျောညီထွေနေထိုင်နိုင်ရေးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရေးတို့အတွက် ရေဖူလုံရေးသည် အခြေခံကျပြီး ရာသီဥတုအန္တရာယ် လျော့ကျစေရေးအတွက် အရေးပါလျက်ရှိပါသည်။

ရာသီဥတုပြောင်းလဲခြင်းကို ကာကွယ်ရန်

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းသည် လူသားများ၏ ကျန်းမာရေးကို ထိခိုက်ခြင်း၊ သန့်ရှင်းသောလေနှင့် ရေကောင်းရေသန့်ရရှိမှု၊ အစားအစာလုံလောက်စွာရရှိမှု၊ လုံခြုံသော အမိုးအကာများရရှိမှုတို့ကို ထိခိုက်ခြင်း၊ အပူချိန်မြင့်တက်လာခြင်းကြောင့် လေထုထဲတွင် လေထုညစ်ညမ်းမှုကို မြင့်တက်စေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို မြင့်တက်စေခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာခြင်းနှင့် ရာသီဥတုဆိုးရွားသောဖြစ်ရပ်များကြောင့် စိုက်ပျိုးရေး၊ လူမှုပတ်ဝန်းကျင်နှင့် အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများကို ထိခိုက်စေခြင်းတို့ကို ဖြစ်စေပါသည်။ ထို့ကြောင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး ကာဗွန်ထုတ်လုပ်မှုနည်းပါးသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ကြရမည်ဖြစ်ပေသည်။ သို့ရာတွင် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို သတိမူရမည့်အပြင် ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်နှင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များ ကာကွယ်ရန် ပြည်သူတစ်ရပ်လုံးက အောက်ပါတို့ကို လိုက်နာဆောင်ရွက်သင့်ပေသည်-

သစ်တော ပြုန်းတီးခြင်းကို လျှော့ချပြီး သစ်ပင်များကို ပိုမို စိုက်ပျိုးရန်၊

ကာဗွန်ထုတ်လုပ်မှုကို လျှော့ချရန်၊

စက္ကူနှင့် စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်အသုံးပြုနိုင်ရန် recycle ပြုလုပ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် မညစ်နွမ်းစေရန် စီမံဆောင်ရွက်မှုများ တိုးတက်လာစေရန်၊

ပလတ်စတစ် အသုံးပြုမှုကို ရှောင်ရှားရန်၊

ရေကို ချွေတာသုံးစွဲရန်၊

သဘာဝ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ရန်နှင့် လေအေးပေးစက် အသုံးပြုမှုကို ရှောင်ရှားရန်၊

ကမ်းရိုးတန်းဒေသများတွင် နေထိုင်သော ပြည်သူများအား မကြာခဏရေလွှမ်းမိုးမှုမှ ကာကွယ်ရန်အတွက် သစ်ပင်များနှင့် ဒီရေတောများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊

သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော စီးပွားရေးဆိုင်ရာ အလေ့အထများကို မြှင့်တင်ပေး ရန်၊

အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှင့် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များကို ဖြေရှင်းရန်အတွက် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု မဟာဗျူဟာများ အသုံးပြုရန်။

ဧရာဝတီမြစ်၏ ရေအရင်းအမြစ် အခန်းကဏ္ဍ

မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့သည် အဓိကမြစ်ကြီးများဖြစ်ပြီး ယင်းမြစ်များအနက် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး၊ အရှည်ဆုံးနှင့် အရေးအပါဆုံးသောမြစ်ကြီးဖြစ်ပါသည်။ မေခနှင့် မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသောမြစ်ဖြစ်ပြီး အကြမ်းအားဖြင့် မြောက်မှတောင်သို့ သွယ်တန်းလျက် မြစ်ဝကျွန်းပေါ် ဒေသမှတစ်ဆင့် ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ဧရာဝတီမြစ်သည် ၂၁၇၀ ကီလိုမီတာ ရှည်ပြီး ကုန်စည်ကူးသန်းရေးအတွက် အသုံးပြုသော ရေလမ်းတစ်ခုဖြစ်ပေသည်။ မြောက်ဘက်တောင်တန်းဒေသ၊ အလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်း၊ မြစ်ဝကျွန်းပေါ်စသဖြင့် ဧရာဝတီမြစ်တစ်လျှောက် ယခုကဲ့သို့စီးဆင်းခြင်းသည် ထူးခြားချက်ပင်ဖြစ်သည်။ ဧရာဝတီမြစ်သည် အရပ်ဒေသ ပေါင်းစုံ ဖြတ်သန်း၍ ပင်လယ်ထဲသို့ စီးဝင်လာသည်။

ဧရာဝတီမြစ် မြစ်ဖျားခံရာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသည် နှစ်စဉ် မိုးရေချိန်လက်မ ၁၀၀ ကျော်ရရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသများတွင် မိုးရေချိန်လက်မ ၂၀ မှ ၄၀ ကြား ရရှိသည်ကို တွေ့ရှိရပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးရေချိန်လက်မ ၈၀ မှ ၁၀၀ ကြား ရရှိသည်ကို တွေ့ရှိရပါသည်။ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှုအခြေအနေကို ပုံ (၁) တွင်လည်းကောင်း၊ ဧရာဝတီမြစ်အထက်ပိုင်းစခန်းများဖြစ်သော ပူတာအိုစခန်းနှင့် မြစ်ကြီးနားစခန်း၊ ဧရာဝတီမြစ်အလယ်ပိုင်းစခန်းဖြစ်သော မကွေးစခန်း၊ ဧရာဝတီမြစ်အောက်ပိုင်းစခန်းဖြစ်သော ပြည်စခန်းနှင့် ဟင်္သာတစခန်းတို့တွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နှစ်အလိုက်ရွာသွန်းခဲ့သော မိုးရေချိန်များကို ပုံ (၂)တွင်လည်းကောင်း ဖော်ပြထားပါသည်။

ဧရာဝတီမြစ်အထက်ပိုင်း မြစ်ကြီးနားစခန်းတွင် ရေနည်းကာလ၏ အနိမ့်ဆုံးရေထုထည်စီးနှုန်းသည် ၁၁၀၈ m3/sec ရှိပြီး မိုးရာသီကာလ၏ အများဆုံး ရေထုထည်စီးနှုန်းအနေဖြင့် ၃၁၀၄၀ m3/sec ရှိကြောင်း တွေ့ရှိရပါသည်။ ဧရာဝတီမြစ်အောက်ပိုင်း ပြည်စခန်းတွင် ရေနည်းကာလ၏ အနိမ့်ဆုံး ရေထု ထည်စီးနှုန်းသည် ၁၁၄၈ m3/sec ရှိပြီး မိုးရာသီကာလ၏ အများဆုံးရေထုထည် စီးနှုန်းအနေဖြင့် ၆၂၈၅၀ m3/sec ရှိကြောင်း တွေ့ရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တိုင်းတာရရှိသောမှတ်တမ်းများအရ ဧရာဝတီမြစ်အထက်ပိုင်း မြစ်ကြီးနား စခန်းတွင် ရေနည်းကာလ၏ အနိမ့်ဆုံးရေထုထည် စီးနှုန်းသည် ၁၂၉၂ m3/sec ရှိပြီး မိုးရာသီကာလ၏ အများဆုံးရေထုထည်စီးနှုန်းအနေဖြင့် ၁၄၉၃၀ m3/sec ရှိကြောင်း တွေ့ရှိရပါသည်။ ဧရာဝတီမြစ်အလယ်ပိုင်း မကွေးစခန်းတွင် ရေနည်းကာလ၏ အနိမ့်ဆုံး ရေထုထည်စီးနှုန်းသည် ၁၂၃၉ m3/sec ရှိပြီး မိုးရာသီကာလ၏ အများဆုံးရေထုထည်စီးနှုန်း အနေဖြင့် ၃၈၀၈၀ m3/sec ရှိကြောင်း တွေ့ရှိရပါသည်။ ဧရာဝတီမြစ်အောက်ပိုင်း ပြည်စခန်းတွင် ရေနည်းကာလ၏ အနိမ့်ဆုံးရေထုထည်စီးနှုန်းသည် ၁၅၀၀ m3/sec ရှိပြီး မိုးရာသီကာလ၏ အများဆုံးရေထုထည်စီးနှုန်းအနေဖြင့် ၃၉၃၈၀ m3/sec ရှိကြောင်း တွေ့ရှိရပါသည်။ ဧရာဝတီမြစ်အထက်ပိုင်း မြစ်ကြီးနားစခန်း၊ မြစ်အလယ်ပိုင်း မကွေးစခန်းနှင့် မြစ်အောက်ပိုင်း ပြည်စခန်းတို့တွင် လွန်ခဲ့သော ၁၀ နှစ်က တိုင်းတာရရှိသော နှစ်အလိုက် အနည်းဆုံး ရေထုထည်စီးနှုန်းနှင့် အများဆုံး ရေထုထည်စီးနှုန်းတို့ကို ပုံ (၃)၊ (၄)နှင့် (၅)တို့တွင် ပြသထားပါသည်။ အထက်ဖော်ပြပါ မိုးရေချိန်နှင့် ရေထုထည်စီးနှုန်း အခြေအနေများကို လေ့လာကြည့်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသည် မိုးရွာသွန်းမှုပမာဏ နည်းပါးသော်လည်း မိုးရာသီကာလတွင် မြစ်ကြောင်းအတွင်း ရေရရှိမှုပမာဏသည် များပြားသည်ကို တွေ့ရှိရမည်ဖြစ်ပေသည်။

ရေနည်းကာလတွင် မြစ်ကြောင်းများအတွင်း ရေထုထည်စီးနှုန်းနည်းခြင်းသည် ရေကြောင်းသွားလာရေး၊ ရေပေးဝေရေးလုပ်ငန်းများ၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ရေနေသတ္တဝါများ၊ မြစ်ချောင်းများ၏ ဂေဟစနစ်များကို ထိခိုက်စေပြီး မုတ်သုံကာလရေထုထည် စီးနှုန်းများခြင်း သည် ရေကြီးခြင်းဘေးအန္တရာယ်များ၊ ဆည်များကျိုးခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု ဘေးအန္တရာယ်များ၊ မြစ်ကမ်းပြိုခြင်းများ၊ မြစ်ချောင်းများ၏ဂေဟစနစ်များကို ထိခိုက်ခြင်းများ ကြုံတွေ့ရစေနိုင်ပါသည်။ ယင်းရေကြီးရေလျှံမှုအန္တရာယ်များနှင့် ရေနည်းခြင်းများ မဖြစ်ပေါ်စေရန် ကဏ္ဍပေါင်းစုံမှ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ စီမံဆောင်ရွက်ခြင်းနှင့်အတူ ပြည်သူများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပေသည်။ ထို့အပြင် လူဦးရေတိုးပွားမှုနှင့်အတူ နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ရေကို ပိုမိုလိုအပ်လာမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ဖြစ်ပေါ်လာနိုင်သော ရေအရင်းအမြစ်များအပေါ် ဆိုးကျိုးသက်ရောက်မှုကြောင့် နွေကာလတွင် ရေရှားပါးခြင်း၊ မိုးကာလတွင် ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ်စေရန် စီမံချက်ချမှတ်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ရရှိသော ရေအရင်းအမြစ်များကို အပြည့်အဝအသုံးချနိုင်မည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ရေအားလျှပ်စစ်လုပ်ငန်းများ၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ သောက်သုံးရေပေးရေးလုပ်ငန်းများ၊ ကမ္ဘာလှည့် ခရီးသည်များ အပန်းဖြေခြင်းဆိုင်ရာလုပ်ငန်းများ၊ စက်ရုံလည်ပတ်ရာတွင် ရေအလုံအလောက်ရရှိရေးတို့တွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်၍ တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်မည်ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)