မကွေး ဇန်နဝါရီ ၆

 

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ပဲစင်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပြောင်းဖူးစသည့် သီးနှံများကိုအများဆုံးစိုက်ပျိုးလျက်ရှိရာ မတ်ပဲသီးနှံကိုလည်း ချင်းတွင်းမြစ်ရေကျချိန်တွင် အများအပြား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

မတ်ပဲသီးနှံကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ရိတ်သိမ်းကာ ဇန်နဝါရီလတွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ မတ်ပဲသီးနှံစိုက်ပျိုးရာတွင် ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ ရိတ်သိမ်းခြွေလှေ့ခ၊ လုပ်သားခအပါအဝင် မတ်ပဲတစ်ဧကလျှင် ငွေကျပ် ၈-၉ သိန်းခန့်ကုန်ကျကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်သောကြောင့် မတ်ပဲတစ်ဧကလျှင် အထွက်နှုန်း ၂၀-၂၃ တင်းခန့်ထွက်ရှိကြောင်းသိရသည်။ ယခုနှစ်တွင် မတ်ပဲစိုက်တောင်သူများအနေဖြင့် အထွက်နှုန်း ကောင်းမွန်၍ ဈေးကောင်းရရှိပြီး အကျိုးအမြတ်ရရှိသောကြောင့် နွေမတ်ပဲသီးနှံများကိုလည်း ဖေဖော်ဝါရီ လတွင် ပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မတ်ပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

 

သတင်းရင်းမြစ်- စီးပွား/ ကူးသန်း