မင်းဘူး ၂၂ ဖေဖော်ဝါရီ
နှစ်စဉ် တပိုတွဲလဆန်း ၅ ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့ထိ ကျင်းပသည့် မန်းရွှေစက်တော်ဘုရားပွဲကို အမှီပြု၍ ၂၀၁၀ ခုနှစ်ခန့်မှ စတင်ဖြစ်တည်လာသော ဆည်တော်စခန်းသာ၌ လာရောက်အပန်းဖြေသူများပြားလျက်ရှိပြီး ဒေသခံဈေးသည်များလည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
၂၀၁၀ ခုနှစ်တွင် ဆိုင်(၁၇)ဆိုင်ခန့်သာရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်၌ဆိုင်ခန်း(၃၀) ၊၂၀၁၈ ခုနှစ်တွင်ဆိုင်ခန်း(၅၀)၊ ၂၀၁၉ ခုနှစ်အရောက်တွင် (၅၆)ဆိုင်ထိ တစ်ဖြည်းဖြည်းတိုးတက်စည်းကားလာကာ အဆိုပါဆည်တော်စခန်းသာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့တင်ပြပြီး ကျင်းပနေခြင်းဖြစ်သည်။
“ မန်းချောင်းရေအေးအေးလေးချိုးပြီး လွတ်လွတ်လပ်လပ်ပျော်စရာကောင်းလို့ လာလည်တဲ့သူတွေ တစ်နှစ်ထက်တစ်နှစ် များလာပါတယ်။ ဒေသအစားအစာဖြစ်တဲ့ ဆီထမင်းနဲ့ငါးကြော်ကလည်း အရောင်းသွက်တယ်။ ဒီဒေသရဲ့အေးချမ်းမှုလေးကို ခံစားဖူးတဲ့သူတိုင်း နှစ်တိုင်းလာလည်ကြပါတယ်။ အမျိုးသမီးတွေအတွက် အဝတ်အစားလဲခန်း၊ သနပ်ခါးလိမ်းခန်းတွေ လုပ်ပေးထားတာကိုလည်း ခရီးသည်တွေက သဘောကျကြတယ် ” ဟု မြစည်းစိမ်အပန်းဖြေစားသောက်ဆိုင်ပိုင်ရှင် ကိုဝင်းလှိုင်က ပြောပြသည်။
ဆည်တော်တွင် ဆီထမင်း-ငါးကြော်တစ်ပွဲ(၅၀ဝ)ကျပ်၊ ငါးကြော်တစ်ပွဲ တစ်ထောင်ကျပ်၊ စာကလေးကြော် နှင့် ငုံကြော်အကောင်သေး တစ်ကောင်(၅၀ဝ)၊ အကြီး(၁၁၀ဝ)ကျပ်၊ တမင်းသုတ် နှင့် ထမင်းဆီဆမ်းတစ်ပွဲ(၅၀ဝ)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ဈေးဆိုင်များ၌ အရက်သေစာ၊ ပြည့်တန်ဆာ နှင့် လောင်းကစား တားမြစ်ချက်များအပါအဝင် စည်းကမ်းချက်(၁၂)ချက် ထုတ်ပြန်ထားသည်။
“ ရွှေစက်တော်ပွဲတော်ကိုမှီပြီး ဒီလိုနွေရာသီမှာ ဒေသခံပြည်သူတွေဝင်ငွေရအောင် မန်းချောင်းဘေးမှာပဲ ဆိုင်ခန်းလေးတွေ နေရာချထားပေးခဲ့ပါတယ်။ ဆိုင်ခန်းခရယ်လို့ မကောက်ခံပါဘူး။ ပွဲတော်ရာသီကာလမှာ သောင်ပြင်မြေညှိစရိတ်အတွက် တစ်ဆိုင်ကို ငါးသောင်းခွဲထည့်ဝင်ရပါတယ်။ ပိုငွေကို မီးသတ်လုံခြုံရေးနဲ့ အထွေထွေအသုံးစရိတ်အတွက် သုံးပါတယ်။ ဈေးဆိုင်တွေမှာတစ်နေကုန်အပန်းဖြေလို့ရပေမယ့် ညအိပ်ညနေတည်းခိုဖို့ကိုတော့ ခွင့်ပြုထားခြင်းမရှိပါဘူး ”ဟု အိုင်းမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးက ဆည်တော်စခန်းသာ ဆောင်ရွက်ထားမှုအခြေအနေကို ပြောပြသည်။
ဆည်တော်စခန်းသာတွင် မန်းချောင်းကိုတံတားထိုးကာ ယာဉ်ဖြတ်သန်းကြေးအဖြစ် အိမ်စီးကား ၅၀ဝ ကျပ်၊ လိုက်ထရပ်(၁၀ဝ၀)ကျပ်၊ ကားကြီး(၁၅၀ဝ)ကျပ် ကောက်ခံပြီး တံတားတည်ဆောက်စရိတ်နှုတ်၍ ပိုလျှံရရှိလာသောငွေများကို အိုင်းမကျေးရွာအုပ်စုတွင်ပါဝင်သော (အိုင်းမ၊ လက်ပံတော၊ အိုးပြင်မည်း) ကျေးရွာ(၃)ရွာအတွက် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ခွဲဝေအသုံးပြုကြောင်း၊ ပွဲတော်လုံခြုံရေးအတွက် အိုင်မရဲစခန်းမှ တာဝန်ယူပေးလျက်ရှိကြောင်း အိုင်းမကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“ ဆည်တော်ကိုလာမယ်ဆိုရင် စကု-အိုင်းမလမ်း(၁၅ မိုင်)ရှိပါတယ်။ သိမ်ကုန်းမြောင်းဘောင်ဘက်ကလာမယ် ဆိုရင်လည်း သိမ်းကုန်း-အိုင်းမလမ်း(၁၅ မိုင်)ရှိပါတယ်။ မင်းဘူးမြို့ကလာပြီး ပုသိမ်-မုံရွာလမ်း(ရွှေစက်တော်၃မိုင်လမ်းခွဲ) ရောက် ရင် ရွှေစက်တော်-အိုင်းမလမ်း(၄ မိုင်ခွဲ) ခရီးရှိပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောပြသည်။
အိုင်းမကျေးရွာတွင် အိမ်ခြေ(၁၀ဝ) ၊ လက်ပံတော်ကျေးရွာတွင် အိမ်ခြေ(၂၇၅) အိမ် ၊ ဆည်တော်အပန်းဖြေ စခန်းနှင့်အနီးဆုံး အိုးပြင်မည်းကျေးရွာတွင်အိမ်ခြေ(၁၈၀)ရှိပြီး အပန်းဖြေလာရောက်သူများရှိနေခြင်းကြောင့် မိသားစုပေါင်း (၆၀)ကျော်၏ တစ်နွေစာစားဝတ်နေရေးအတွက် စိတ်အေးခွင့်ရနေကြောင်း သိရှိရသည်။
ရွှေစက်တော်ဘုရားဖူးလာပြည်သူများအနေဖြင့် တစ်ညအိပ်ဘုရားဖူးခရီးစဉ်စီစဉ်လိုပါက နံနက်ပိုင်းတွင် ဆည် တော်၌အပန်းဖြေပြီး မွန်းလွဲပိုင်းတွင် ရွှေစက်တော်သို့ခရီးဆက်ကာ ခြေတော်ရာနှစ်ဆူကို ဖူးမြော်သင့်ကြောင်း ၊ ရွှေစက်တော်၌ ညအိပ်နားနေကာ မနက်ပိုင်းတွင် မန်းချောင်းရေအဝချိုးပြီး ဘုရားပွဲတော်နှင့်၃မိုင်ခန့်အကွာရှိ ဆင်စခန်းသို့ သွားရောက်လည် ပတ်သင့်ကြောင်း ဒေသခံများက အကြံပြုပြောကြားသည်။
ဇေယျတု(မကွေး)


