အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက် ဆောင်ရွက်ရေး” နှင့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အရေးကြီးသည့် ဆောင်ရွက်ချက်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲများမှ ပေါ်ထွက်လာသော လွှတ်တော် အခင်းအကျင်း များဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍများကို တည့်မတ်မှန်ကန်စွာ ဆောင်ရွက်၍ အနာဂတ်နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်မည့်ကနဦး အမျိုးသားရေးလုပ်ငန်းစဉ်ကြီးဖြစ်သည်။ ပြည်သူလူထု၏ သဘောထားဆန္ဒများကို ထင်ဟပ် ပေါ်လွင်စေမည့် အခင်းအကျင်းဖြစ်၍ အရေးပါပေသည်။
နိုင်ငံတော်နှင့် ပြည်သူအတွက် အရေးကြီးသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် နိုင်ငံတော်က အလေးထားဆောင်ရွက်နေချိန်တွင် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိသွားမည်ကို လည်းကောင်း၊ မိမိတို့အာဏာ လက်လွတ်သွားမည်ကိုလည်းကောင်း မလိုလားကြသော၊ စိုးရိမ်ပူပန်ကြသော အဖျက်အမှောင့် အုပ်စုများက ရွေးကောက်ပွဲ ပျက်စီးရာပျက်စီးကြောင်း သွေးထိုးလှုံ့ဆော်မှုများ၊ မမှန်မကန်ဝါဒ ဖြန့်မှုများ၊ သားပုပ်လေလွင့်ပြောဆိုမှုများ စသည်တို့ ပြုလုပ်နေကြသည်ကို တွေ့မြင်ကြားသိ နေကြပြီဖြစ်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်လျှောက်လုံး၌ လုံခြုံစိတ်ချစွာဆောင်ရွက်နိုင်ရေးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများ လုံခြုံရေးအတွက် အဟန့်အတား၊ အနှောင့်အယှက်မှန်သမျှကို လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့််တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို နိုင်ငံတော်အစိုးရက ဥပဒေအမှတ် ၄၈/၂၀၂၅ ဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းရခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှ ကာကွယ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ ဟန့်တား ခြင်း၊ တားဆီးခြင်းမှ ကာကွယ်ရန်၊ မဲရုံနှင့် မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှု အပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဤဥပဒေအရ ရွေးကောက်ပွဲကို အလုံးစုံဖြစ်စေ၊ တစ်စိတ်တစ်ဒေသမျှပင်ဖြစ်စေ ပျက်ပြားစေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုမူပြောဆိုလုပ်ကိုင်မှုများ မပြုလုပ်ကြရန် တားမြစ်ထားသည်။ ဥပဒေပါတားမြစ်ချက်များကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ကျူးလွန်သည့်ပြစ်မှုများအလိုက် ကျခံရမည့်ပြစ်ဒဏ်များမှာ ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှသည် နှစ်ရှည် ထောင်ဒဏ်၊ ထောင်ဒဏ်တစ်သက်နှင့် အကြီးလေးဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်အထိ သတ်မှတ်ထားသည်ကို သတိမူရမည်ဖြစ်သည်။ မြန်မာနိုင်ငံရွေးကောက်ပွဲ သမိုင်းတွင် ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း၊ ဖျက်ဆီးခြင်းနှင့် အကြမ်းဖက်သတ်ဖြတ်ခြင်းတို့ ကြုံတွေ့ခဲ့ဖူးပြီး ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ဥပဒေမဲ့ပြုကျင့်မှုများကို သင်ခန်းစာယူဖွယ် တွေ့ရှိခဲ့ပြီးဖြစ်သည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း၊ ခြိမ်းခြောက်ခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ အချို့နေရာဒေသများတွင် ပြုလုပ်မှုရှိလာရာ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေးဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ခြင်း၊ ဖမ်းဆီးအရေးယူစစ်ဆေးခြင်း၊ ပြစ်မှထင်ရှားပါက ထိရောက်စွာ အရေးယူ အပြစ်ပေးခြင်းတို့ကို ဆောင်ရွက်နေပြီဖြစ်သည်။
သို့ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးသည် နိုင်ငံတော်နှင့် ပြည်သူအတွက် အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်၍ ရွေးကောက်ပွဲကို နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ဟန့်တား ဖျက်ဆီးကြသူများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်း ခံရမည်ကို သတိချပ်ရ မည်ဖြစ်ပါကြောင်း။


