ရန်ကုန် ဩဂုတ် ၁၁
ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားလျက်ရှိသည့် ရန်ကုန်မြို့ရှိ ဈေးကွက်များသို့ ရေငန်ပုစွန်နှင့် ရေချိုပုစွန်များ ဝင်ရောက်သော်လည်း ဝယ်လိုအားများနေသဖြင့် ဈေးနှုန်းအမြင့်တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ငါးဖမ်းရာသီတစ်လကျော်အတွင်း အပြည့်အဝ ဖမ်းဆီးမှုမရှိခြင်း၊ ရေချိုမွေးကန်များ တည်ရှိရာ တွံတေး၊ ညောင်တုန်း ဘောလယ်ကျွန်း၊ ခတ္တိယနှင့် ပဲခူးတိုင်းဒေသကြီးရှိ ကန်များ ရေကြီးမှုကြုံခဲ့ရသဖြင့် ယခုနှစ်တွင် မွေးမြူမှု ရပ်နားထားခြင်းနှင့် ကောင်ရေ ပမာဏလျော့နည်း မွေးမြူထားခြင်းတို့ကြောင့် ဈေးကွက်အတွင်း ရောင်းလိုအားထက် ဝယ်လိုအားများလျက်ရှိရာ မိုးရာသီ၌ ပုစွန်ဈေးနှုန်းသည် အမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နေခြင်း ဖြစ်သည်။
“ပင်လယ်ပုစွန်ဖြစ်တဲ့ တိုက်ဂါး၊ ဖလားဝါး၊ ဝှိုက်နဲ့တရုတ်ကိုပို့တဲ့ ရွှေပုစွန်တွေ ဝင်တယ်။ ပင်လယ်ပြင်ရာသီဥတုပေါ် မူတည်ပြီး စက်လှေများများဝင်ရင် ဈေးကွက်ထဲကို များများဖြန့်နိုင်ပါတယ်။ ပင်လယ်ပုစွန်ဈေးကောင်းတာက ပြည်ပပို့ကုန်များလို့ပါ။ ဈေးနှုန်းသက်သာဖို့ဆိုရင် ရေချို၊ ရေငန်ပုစွန်များများ မွေးမြူထုတ်လုပ်ဖို့ လိုပါတယ်။ လက်ရှိမှာ ပုစွန်ဈေး အမြင့်ဈေးမှာရှိနေတယ်လို့ ပြောရမှာပါ” ဟု ကြည့်မြင်တိုင် စံပြငါးဈေးမှ ဒေါ်တင်နွဲ့က ပြောသည်။
ရေငန်ပုစွန်ဖြစ်သည့် တိုက်ဂါးတစ်ပိဿာ ငွေကျပ် ၄၅၀၀၀ မှ ၅၅၀၀၀ ၊ ဖလားဝါးနှင့် ဝှိုက် တစ်ပိဿာငွေကျပ် ၃၅၀၀၀ မှ ၄၅၀၀၀ နှင့် ရွှေပုစွန်တစ် ပိဿာလျှင် ငွေကျပ် ၂၃၀၀၀ ဖြင့် ဒိုင်ဈေး ရောင်းချလျက်ရှိပြီး ရေချိုပုစွန်ဖြစ်သော ဘော့ချိတ် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၀ နှင့် ပုစွန်ကြား တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀၀ ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။
ရန်ကုန်မြို့သို့ ဝင်ရောက်လာသည့် ရေငန်ပုစွန်များကို ပြည်ပပို့ကုန်အဖြစ် အအေးခန်းစက်ရုံများသို့ တင်ပို့၍ ရေချိုပုစွန်ဖြစ်သည့် ပုစွန်ကြားကို ပြည်ပဈေးကွက်တင်ပို့ကာ ဘော့ချိတ်ပုစွန်ကို ပြည်တွင်းဈေးကွက်၌ ရောင်းချလေ့ရှိသည်။
ပင်လယ်ပြင် ဖမ်းဆီးခြင်းနှင့် မွေးမြူထုတ်လုပ်မှုကို ပုံမှန်လုပ်ဆောင်ခြင်းသည် ငါး၊ ပုစွန် ဈေးကွက်ကို တည်ငြိမ်စေပြီး ဝယ်လိုအားနှင့် ရောင်းလိုအား ညီမျှမှုကို ရရှိစေမည်ဖြစ်ကြောင်း ရေထွက်ကုန်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
သစ္စာ(MNA)၊ ဓာတ်ပုံ – ဇွဲမာန


