ရေချိုသယံဇာတမဆုံးရှုံးရေး အားလုံးပါဝင်ကူညီပေး

 

ထက်ဝေအောင်(စစ်ကိုင်း)

လူနှင့်သက်ရှိအားလုံးအတွက် ‘လေ’ ပြီးလျှင် ‘ရေ’ ကို ညွှန်ပြရမည်ဖြစ်သည်။ ဓာတ်ကြီးလေးပါးတွင် အာပေါဓာတ်ဟုခေါ်ဆိုသည့် ရေ၏အရေးပါမှုသည် လွန်စွာနက်ရှိုင်းလှပြီး သက်ရှိကမ္ဘာကို ကိုယ်စား ပြုလျက်ရှိသည်။ ရေအသက်တစ်မနက် ထမင်းအသက် ခုနစ်ရက်ဆိုစကားသည် ရေမရှိလျှင် မဖြစ်နိုင်သည့် အဓိပ္ပာယ်ကိုဆောင်ပေသည်။ သက်ရှိ အားလုံးအတွက် မရှိမဖြစ် “ရေဟု ဆိုရပါမည်။ ရေမရှိပါက သက်ရှိအားလုံး သေဆုံးရမည်ဖြစ်သည်။ ရေနှင့်ဆက်စပ်နေသည့်  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှာလည်း တစ်မုဟုတ်ချင်း ပျက်စီးရမည်ဖြစ်သည်။ မြစ်ချောင်း၊ အင်းအိုင်များတွင် ရေများစွာတွေ့မြင်ရခြင်းက လာဘ်ကြီးတစ်ပါး ပိုင်ဆိုင်ရသည့်ပမာ တူညီလှသည်။ သန့်ရှင်းသည့် ရေသည် လူအပါအဝင်  သက်ရှိအားလုံးအတွက် အကျိုးပြုဆုံး ဆေးဝါးရိက္ခာ၊ နိုင်ငံတစ်နိုင်ငံ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍအသီးသီးမှ ဘက်စုံသုံးအဖြစ် ထောက်ပံ့ကူညီ ပေးလျက် ထိရောက်စွာအကျိုးပြုလျက်ရှိသည်။

 

အပူပိုင်းဇုန်ဒေသများတွင်သောက်သုံးရေနှင့် စိုက်ပျိုးရေ

 

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် ဥရောပ၊ အမေရိကနှင့် အာရှဒေသအချို့တွင် ဖြစ်ပေါ်နေသော မိုးခေါင်မှုသည် တစ်စထက်တစ်စ ပိုမိုဆိုးရွားလာမှုကြောင့် အပူပိုင်းဇုန်ဒေသများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရန် ခက်ခဲလာနိုင်ပြီး  ရေအရင်းအမြစ်များ  တဖြည်းဖြည်း လျော့နည်းခန်းခြောက်စေနိုင်သည်။ ရာသီဥတုဖောက်ပြန်မှု၊ လူတို့ဖန်တီးမှုကြောင့် မြစ်အတွင်း  သောင်ထွန်းခြင်း၊ ရေကြောင်းများကျဉ်းမြောင်းလာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်များ ယိုယွင်းပျက်စီးခြင်း စသည့်ပြဿနာများ ဖြစ်ပေါ်နိုင်သည်။ အလွန်အကျွံ မိုးရွာခြင်း၊ ရေကြီးရေလျှံခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ ပင်လယ်ရေမြင့်တက်လာမှုကြောင့် လယ်မြေများပျက်စီးခြင်း၊ မြေအောက်ရေတွင် ပင်လယ်ရေငန်တိုးဝင်ခြင်းများ ဖြစ်ပွားလာနိုင်သည်။

မြန်မာနိုင်ငံသည်  ရေအရင်းအမြစ် ပေါများ ကြွယ်ဝသည့်  နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း  ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု၏  အကျိုးဆက်များကို နိုင်ငံများနည်းတူခံစားရပြီး မြစ်ချောင်းများအတွင်း အနည်ပို့ချခြင်း၊ သောက်သုံးရေရှားပါးခြင်းနှင့် ရေ၏အရည်အသွေး ကျဆင်းလာခြင်း အစရှိသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့လျက်ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက ထားလုပ်ကိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် ရေအရင်းအမြစ်သယံဇာတများကို ဒေသ၏ လိုအပ် ချက်နှင့်ကိုက်ညီပြီး ရေရှည်အကျိုးစီးပွားအတွက် လုံခြုံစိတ်ချစွာ အသုံးချနိုင်မည့် ရေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို စနစ်တကျ စီမံအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး သဘာဝအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားပတ်ဝန်းကျင် တို့ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် ရေရရှိရေး လုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေရှိနိုင်မည့် ရေသွင်းစိုက်ပျိုးရေးစနစ်များကို မျက်ခြည်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ရေလှောင်တမံကြီးများ၏ ကြံ့ခိုင်ရေးနှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေး

 

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် မြစ်ကြီးလေးသွယ်မှရရှိသည့် အဖိုးတန်ရေအရင်း အမြစ်၏တန်ဖိုးကို နားလည်သိရှိပြီး ရေချိုအရင်း အမြစ်များ စနစ်တကျ စီမံခန့်ခွဲရမည်ဖြစ်သည်။ သဘာဝရေချိုအရင်းအမြစ်များ ထိန်းသိမ်း သိုလှောင်နိုင်ရန် တည်ဆောက်ထားသောရေလှောင် တမံကြီးများ၏ ကြံ့ခိုင်ရေးနှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေဖူလုံစွာ အသုံးပြုနိုင်ရေး၊ ဒေသစိမ်းလန်းစိုပြည်စေရေးနှင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး လုပ်ငန်းများကို များစွာအကျိုးပြုစေမည်ဖြစ်သည်။ အလားတူ ရေဝေရေလဲဒေသ သစ်တောများထိန်းသိမ်းရေးနှင့် ရေထုညစ်ညမ်းမှုမရှိစေရေး လုပ်ငန်းများကို ထိရောက်စွာ ထိန်းသိမ်းပေးခြင်းဖြင့် ရေအရင်း အမြစ်များ သန့်ရှင်းစင်ကြယ်လာနိုင်ပြီး အနာဂတ် ကမ္ဘာ ထာဝရတည်တံ့စေရေးကို အမြဲတစေ ကိုယ်စားပြုနေမည်ဖြစ်သည်။ 

မျက်မှောက်ကာလတွင် ရေအရင်းအမြစ်စီမံ ခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေဝေ ရေလဲဒေသများထိန်းသိမ်းခြင်း၊ မြစ်ဝှမ်းဒေသများ၌ တရားမဝင်ရွှေတူးဖော်ခြင်း၊ အခြားဓာတ်သတ္တုများနှင့် အဖိုးတန်ကျောက်မျက်ရတနာထုတ်လုပ်ခြင်း၊ တရားမဝင် ကျောက်စရစ်နှင့် သဲထုတ်လုပ်ခြင်း လုပ်ငန်းများကို စည်းကမ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ထိန်းချုပ်ခြင်း၊ မိုးရာသီကာလတွင် သစ်ပင်စိုက်ပျိုးခြင်း၊ မြစ်ချောင်းများအတွင်း ရေထု ညစ်ညမ်းမှုတားဆီးကာကွယ်ခြင်း၊ မြစ်ချောင်း၊ အင်းအိုင်၊ ကန် အစရှိသည့် ရေအရင်းအမြစ်များနှင့် ရေနုတ်မြောင်းများအတွင်းသို့ အမှိုက်သရိုက်များ၊ ရေဆိုးများ စွန့်ပစ်မှုအပေါ် စောင့်ကြည့် ထိန်းချုပ်ခြင်းနှင့် စည်းကမ်းမဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ တားဆီးထိန်းချုပ်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။

 

မြေပေါ်မြေအောက် ရေအရင်းအမြစ် သယံဇာတများ

 

ကမ္ဘာကြီးတွင် ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့မှုဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် မြေအောက်ရေကို အကျိုးရှိစွာသုံးစွဲရန် လိုအပ်လာပေသည်။ ကျေးလက် ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လာခြင်းနှင့် ကျေးရွာအခြေပြုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းသည် ရေလိုအပ်မှုပြဿနာကို မြင့်မားစေသည်။ ရေအသုံးချသူအများစုသည် မြေအောက်ရေ (သို့မဟုတ်) အဝီစိတွင်းရေကို အလွန်အကျွံထုတ်ယူသုံးစွဲလာကြသဖြင့် အနာဂတ် ရေပြဿနာ ရတက်မအေးဖွယ်ဖြစ်လာနိုင်သဖြင့် မြေပေါ်မြေအောက် ရေအရင်းအမြစ် သယံဇာတ များကို စနစ်တကျ စီမံခန့်ခွဲရမည်ဖြစ်သည်။ ရေဆိုင်ရာလိုအပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များဆောင်ရွက်လျက် စနစ်ကျသော စိုက်ပျိုးရေ ပေးဝေခြင်း၊ စည်းကမ်းတကျ သောက်သုံးရေပေးဝေခြင်းနှင့် နည်းလမ်းတကျ ရေဘေးကာကွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ရေအရင်းအမြစ် သယံဇာတများဆုံးရှုံးမှုမှ ကာကွယ်နိုင်မည် ဖြစ်သည်။

ရေချိုသည် လူနှင့် တိရစ္ဆာန်များ၊ အပင်များ ရှင်သန်ရေးအတွက် မရှိမဖြစ် အရေးပါသည့် လိုအပ် ချက်တစ်ရပ်ဖြစ်သည်။ နှစ်စဉ် ရေအခက်အခဲ ကြုံတွေ့ရမှုသည် ရေသုံးစွဲသူအများစုသည် ရေသယံ ဇာတ၏ တန်ဖိုးနားမလည်မှု၊ ရေချိုအရင်းအမြစ်များ ရေရှည်တည်တံ့ရေးဆိုင်ရာ ရေစီမံခန့်ခွဲမှုလိုအပ်မှုကို ဖော်ပြနေခြင်းဖြစ်သည်။ ရေရှားပါးခြင်းက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဘက်ပေါင်းစုံရှိ လူမှုဘဝများကို ထိခိုက်စေနိုင်သည်။ ရေတွင် ရေချိုနှင့် ရေငန်ဟူ၍ရှိရာ ကမ္ဘာ့ရေချိုပမာဏမှာ အနည်းငယ်သာရှိပြီး သုံးစွဲကုန်ဆုံးသွားသောရေချိုများ ပြန်လည်ဖြည့်တင်း ရေးအခန်းကဏ္ဍတွင် ပင်လယ်သမုဒ္ဒရာကြီးက ပါဝင်အားဖြည့်ပေးသည်။ ပင်လယ်သမုဒ္ဒရာကြီးမှ ထွက်ရှိလာသည့် ရေခိုးရေငွေ့များ အငွေ့ပြန်ရာမှ မိုးအဖြစ် ရွာသွန်းနိုင်ပြီး အဆိုပါမိုးရေသည် အဖိုးတန်ရေချိုတစ်ရပ် ဖြစ်နိုင်ပေသည်။

 

သန့်စင်သောရေရရှိရေးနှင့် မြေအောက်ရေ ထုတ်ယူသုံးစွဲရေးလုပ်ငန်းများ

 

မိုးရာသီကာလတွင် သဘာဝရေများ အလဟဿ ဆုံးရှုံးမှုမရှိစေရေး နည်းပညာအခြေခံသည့် ရေပေး ဝေမှုစနစ်များကို တီထွင်ကြံဆအသုံးပြုနိုင်ရေး ဆောင်ရွက်လျက် နွေရာသီရေခန်းခြောက်ချိန်တွင် ရေသိုလှောင်မှု၊ ဖြန့်ဖြူးမှုစနစ်များ ဟန်ချက်ညီမှ ရေကုန်သက်သာစေမည်ဖြစ်သည်။ ရေရှားပါးသည့် ဒေသများ၊ တောင်ပေါ်ဒေသများ၊ မြစ်ဝကျွန်းပေါ် ဒေသများတွင် မှီတင်းနေထိုင်သည့် ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိရေး ရေစီမံခန့်ခွဲရေး ဗဟုသုတရှိရန် လိုအပ်ပေသည်။ “မိုးရွာတုန်းရေခံ ဆိုစကားအတိုင်း မိုးရေကို စနစ်တကျ စုဆောင်းသိုလှောင်ရမည်ဖြစ်သည်။ သန့်စင်သော ရေရရှိရေးနှင့် မြေအောက်ရေ ထုတ်ယူသုံးစွဲရေးလုပ်ငန်းများတွင် ပါဝင်ကူညီ သောအားဖြင့် လူတိုင်း ရေကို အလေအလွင့်မရှိ သုံးစွဲသင့်သည်။ ရေ၏အရေးပါမှုကို သိရှိနားလည်မှသာ ရေအရည်အသွေးပြည့်ဝဖူလုံသော ရေရရှိမှုနှင့် ရေရှားပါးမှုပြဿနာ နည်းပါးလာမည်ဖြစ်သည်။ ထိုနည်းတူစွာ ရေနှင့်ဆက်နွှယ်တည်ရှိနေသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍကြီးများမှာလည်း ရေခံ၊ မြေခံ ပတ်ဝန်းကျင်ကောင်းအပေါ်တွင် အမှီပြုတည်ရှိ၍ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သည်။

ကမ္ဘာ့လူဦးရေတိုးပွားမှု၊ ရာသီဥတုပြောင်းလဲမှု အရေးများကြောင့် နောင်တွင် ရင်ဆိုင်ကြုံတွေ့ရမည့် ရေရှားပါးသည့်အခြေအနေသို့ မရောက်ရှိရေး ပူးပေါင်းကာကွယ် စောင့်ရှောက်ရမည်ဖြစ်သည်။ ငြိမ်းချမ်းသာယာသောဘဝများစွာ ဖြစ်ပေါ်ရေး၊ စားရေရိက္ခာဖူလုံရေး အလေးပေး ဆောင်ရွက်ရမည်ဖြစ်ပြီး ဆက်စပ်ပတ်သက်နေသည့် ရေကဏ္ဍမြှင့်တင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သည်။ ရေချိုဆုံးရှုံးမှုကိုဖြစ်စေ သည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင်များပျက်စီးမှု၊ သုံးစွဲနေသည့် ရေချို အရင်းအမြစ်များ တည်တံ့အောင် မထိန်းသိမ်းနိုင်မှု၊ မြို့ပြဒေသများရှိ ရေဆိုးစွန့်ပစ်မှုစနစ်၊ မိလ္လာစနစ် နှင့် အမှိုက်များ မဆင်မခြင်စွန့်ပစ်မှု အစရှိသည့် အခြေအနေများကြောင့် ရေချိုအရင်းအမြစ်များ ပျက်စီးလျော့နည်းမှုများကို အဖြေရှာ ကုစားသွား ရမည်ဖြစ်သည်။ လူသည် ဉာဏ်ရည်မြင့်မားသူများ ဖြစ်ကြသဖြင့် အကျိုးအပြစ်ကို နားလည်သည်။ ရေချိုပမာဏ မယုတ်လျော့ရေးကြိုးပမ်းရာတွင် စွမ်းဆောင်နိုင်သူများဖြစ်သည်။ ရေကဏ္ဍမြှင့်တင် ဆောင်ရွက်ရာတွင် ဒေသအလိုက် တည်ရှိနေသည့် အဖိုးတန်ရေသယံဇာတ အရင်းအမြစ်များ မပျက်စီးရေး၊ အဖိုးတန်ရေချိုကို လိုအပ်သလောက် ချွေတာသုံးစွဲရေး၊ သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းများကို တစ်ဦးချင်းအသိစိတ်ဓာတ်ဖြင့် ပြုပြင်လုပ်ဆောင် သွားမည်ဆိုပါက ရေအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးတက်အောင်မြင်နိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။