ဗညားဂုဏ်လဟေ

 

ကျိုက်သုတ်စေတီတော်သည် မွန်ပြည်နယ် မြို့တော်မော်လမြိုင်မြို့ အဝန်းအဝိုင်း၏ မြို့အလယ်တွင် တည်ရှိသည်။ ပြိုင်လျက်နေသော သံလွင်မြစ်အဆုံးပိုင်းနှင့် နာဂဝီသတောင်ရိုးတန်းအကြား ကျိုက်သလ္လံစေတီနှင့် ကျိုက်မုပွန်စေတီအကြားတွင် တည်ထားကိုးကွယ်သည့် ဆံတော်ရှင်စေတီတစ်ဆူ ဖြစ်သည်။ ကျိုက်သုတ်စေတီရင်ပြင်တော် အနောက်ဘက်အပိုင်း စနေထောင့်တွင် ကျိုက်သုတ်စေတီ ခေါင်းလောင်းကို လှူဒါန်းချိတ်ဆွဲထားသည်။ ကျိုက်သုတ်စေတီ၏ အမည်မှာ မွန်လူမျိုးတို့၏ ဝေါဟာရဖြစ်သည်။ ကျိုက်သုတ်စေတီတော် သမိုင်းကို စေတီတော် တောင်ဘက်မုခ် ဝတ်ကျောင်းဆောင်ကျောဘက်တွင် နံရံပန်းချီကားဖြင့် တွေ့ရသည်။ ပန်းချီကားသမိုင်းအလိုအရ မဟာသက္ကရာဇ် ၁၁၁ ခု မြတ်စွာဘုရား သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ကြွရောက်စဉ် အဇိတနှင့် ဇိန ရသေ့ နှစ်ပါးကို ဆံတော်ပေးသနားတော်မူခဲ့သည်။ ထိုဆံတော်ကို သူဌေးကြီး ဦးသုဝဏ္ဏ (ခေါ်) ဦးသုတ်အား ပေးအပ်ပြီး မွတ်ပိရာဇာမင်းကြီး အမှူးပြု၍ ဌာပနာကာ စေတီတည်ခဲ့သည်။ သူဌေးဦးသုတ် တည်ခဲ့သည့်စေတီကို အစွဲပြု၍ ကျိုက်သုတ် စေတီဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်ဟုဆိုသည်။

 

စေတီတော်စတင်တည် ကျိုက်သုတ်စေတီ တည်ထားရာ မော်လမြိုင်မြို့နှင့်ပတ်သက်သော ရာဇဝင် စာမျက်နှာကိုလည်းကောင်း၊ ဓာတုဝင် သမိုင်းစာမျက်နှာ ဟောင်းကိုလည်းကောင်း စုဆောင်းလေ့လာမိသလောက် အနည်းအကျဉ်းဖွင့်လှစ်လိုပါသည်။

 

သက္ကရာဇ် ၁၁၁ ခု မြတ်စွာဘုရားသခင် ရှစ်ဝါမြောက်တွင် ယောနကတိုင်း ကြင်းမိုင်းမြို့သို့ ဒေသစာရီကြွရောက်တော်မူစဉ် ရှမ်းမင်းသား ၁၀ ပါးတို့အား ရွှေဆံတော်တစ်ဆူစီ ပေးခဲ့သည်။ ဆံတော်တို့ကို ကိုးကွယ်ရန် မြစ်ဆိပ်ကမ်းနား တောင်ထိပ်အစွန်း၌ သက္ကရာဇ် ၁၁၅ ခုတွင် စေတီတော်စတင်တည်၏။ သက္ကရာဇ် ၁၁၇ ခုတွင် ပြီး၏။

 

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မော်လမြိုင်ရာဇဝင်တွင် "ဆံတော် ၁၀ ဆူကို ဌာပနာသဖြင့် ၁၀ ခုဟူသော အရေအတွက် သင်္ချာကိုဟောသော မာဂဓပါဠိဘာသာ (ဒဿ)နှင့် ရှမ်းမွန်တို့ဘာသာ ဘုရားကိုဟောသော (ကျိုက်) ဟူသော အမည်ဘာသာ နှစ်ရပ်ပေါင်းစပ်၍ (ကျိုက်ဒဿ) ဘုရား" ဟူ၍ ခေါ်ဝေါ် သမုတ်ခဲ့ရာမှ "ကျိုက်ဓမ္မသ"တွင်လာ၏။ ရှမ်းမွန်ဟူသည် မွန်ခမာအနွယ်ဝင် လဝလူမျိုးများ ဖြစ်နိုင်သည်။ ဒွါရဝတီနိုင်ငံ လော့ဗူရီမှ ဆင်းသက်လာသော မွန်လူမျိုးတို့လည်း ဖြစ်နိုင်သည်။ "လ၀ဆိုသည်မှာ မွန်ခမာအနွယ်ဝင် တောင်ပေါ် တိုင်းရင်းသားများပင် ဖြစ်ကြသည်" ဟု ဒေါက်တာနိုင်ပန်းလှ၏ မွန်ဘာသာ စကားနှင့် ယဉ်ကျေးမှုတို့၏ ဝိသေသကဏ္ဍ စာအုပ်တွင် ဆိုခဲ့သည်။ ထို့ကြောင့် ရှမ်းမွန်မင်းသား ၁၀ ပါးတို့သည် လော့ဗူရီမှ မွန်ခမာ လူမျိုးနွယ်တိုင်းရင်းသားဖြစ်သည်။ မွန်ခမာအနွယ်ဝင် မင်းသား ၁၀ ပါးတို့သည် စေတီဆည်းကပ် ပူဇော်မှုနီးရန် စေတီတည်ရာတောင်၏ မြောက်ဘက်ခရီးတာပေါင်း ၇၅၀ အကွာ ကော့ဗိန်းအရပ်တွင် ကောဇာသက္ကရာဇ် ၁၁၇ ခု၌ မြို့တည်ထောင်၍ နောင်တော်အကြီးဆုံး မင်းလုပ်အုပ်ချုပ်၏။ နောင်တော်ကြီးအမည် သုရမ္မ အမည်ကို အစွဲပြု၍ မြို့၏အမည်ကို ရမ္မပူရဟူ၍လည်းကောင်း၊ ရမ္မာဝတီဟူ၍ လည်းကောင်း တွင်စေ၏။ ရတနာသာဂလဟူ၍လည်းခေါ်၏။ ထိုမြို့တွင် မင်းဆက် ၁၀ ဆက် နှစ်ပေါင်း ၁၉၀ တိုင် အုပ်ချုပ်ခဲ့၏။

 

၁၁ ဆက်မြောက်မင်းဖြစ်လာ

 

စစ်ကဲကြီး ဦးရွှေနော်၏ မွန်ရာဇဝင် စေတီတော်သမိုင်း ပေါင်းချုပ်စာအုပ်တွင် ဘုရားပရိနိဗ္ဗာန်စံယူပြီး သာသနာသက္ကရာဇ် ၁၅၇ ခု၊ ၁၁ ဆက်မြောက် မွန်မင်း မှိန်းပွန်းဒုရပ်က ထိုမြို့ချောင်ကျသည်။ ရောဂါဝေဒနာ ထူပြောသည် ဟူ၍လည်းကောင်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မော်လမြိုင်ရာဇဝင် စာအုပ်တွင် "ညီတော်အငယ်ဆုံးဖြစ်သော ရှမ်းမင်းသား ဝဏ္ဏကုမ္မာ၏ လက်ထက်၌ တိုင်းပြည်ကို ပုန်ကန်သောင်းကျန်းကြသော လူဆိုး၊ သူခိုးတို့ပေါ များသည်" ဟူ၍လည်းကောင်း၊ တချို့သော စာအုပ်တို့တွင် ထိုင်းမင်းရန်ကြောင့် လည်းကောင်း မြစ်လေးမြွှာဆုံရာ ကမ်းအစွန်းအငူပျက် "သင်လို၊ မုဟ်လိုလို" ခေါ် သင်လန်တွင် မြို့တည်၏။ ပထမမြို့တည် ဘုရင်သည် ရှမ်းမွန်မင်းသား ဝဏ္ဏကုမ္မာဖြစ်၏။ မြို့တည်ပြီးသောအခါ မော်လမြိုင်ရာဇဝင် စာအုပ်တွင် ပြည်တော်ဘောင်ကို တည်ထောင်သည့် သမ္မတဘုရင်ဟု ဘဝရှင် မှိန်းပွန်းဒူရပ်သည် ပြဒုနဝရတ်ကြငှာန်းထီးအရှိန် ဟုဆိုသည့်အတိုင်း ဝဏ္ဏကုမ္မာမင်းသည် သက္ကရာဇ် ၁၉၁ ခုမှ ၁၉၂ ခုသို့ ကူးပြောင်းသည့် နှောင်းတန်ခူးအတွင်း သံလင်တောင်ခြေရှိ ယာယီနန်းတော်သို့ ကြွရောက်ကာ ရာဇဘိသေက စံတော်မူ၏။ “မှိန်းပွန်းဒုရပ် ဟူသော တံဆိပ်နာမခံယူသည်။ ဘုရင်မင်းမြတ်၏ သားတော်တစ်ပါး ပဏ္ဍရာဇာကို မွတ်ပိရာဇာဟူသော ဥပရာဇာ အိမ်ရှေ့မင်း အမည်တံဆိပ် ခတ်နှိပ်ကာ အဆောင်အယောင် နှင်းအပ်၏။ မွန်ဘာသာဖြင့်ရေးသော ကော့ဗိန်းမြို့သမိုင်း စာအုပ်တွင်မူ ပဏ္ဍရာဇာသည် ၁၁ ဆက်မြောက်မင်းဟု ဖော်ပြသည်။ ထို့ကြောင့် မှိန်းပွန်းဒုရပ်သည် ပြဒုနဝရတ် မြတ်သော ရတနာကိုးပါးအရှင် သိင်ပိုန်ဒုစိတ်ရတ အဓိပ္ပာယ်ရ၏။ ၁၀ ဆက်မြောက်မင်း ဖြစ်၏။ သင်လန်တွင် ရမ္မာဝတီမြို့သစ်တည် ဒွန်းပွန်းဒုရပ်ဘွဲ့ကို ခံယူပြန်သဖြင့် ဦးရွှေနော်၏ စာအုပ်တွင် ၁၁ ဆက်မြောက် မင်းဖြစ်လာ၏။ အစဉ်ဖြင့် ပဏ္ဍရာဇာသည်သာလျှင် ၁၁ ဆက်မြောက်သော ဘုရင်မွတ်ပိရာဇာမင်း ဖြစ်သည်။

 

မွန်ရာဇဝင် စေတီတော်သမိုင်းပေါင်းချုပ်တွင် “သက္ကရာဇ် ၂၃၆ ခုတွင် မွန်းလွန်း ဒုရပ်မင်းကြီးနှင့် ရပ်ရွာအကြီးအကဲတို့ ညှိနှိုင်း၍ သွားတော်ဓာတ်တစ်ဆူကို ဌာပနာ၍ ကျိုက်သလ္လိစေတီတည်ခဲ့သည်ဟုဆို၏။ ထို့ကြောင့် မှိန်းပွန်းဒုရပ်မင်းကြီးသည် သွားတော်ဓာတ်ကျိုက်သလ္လိစေတီ ဦးစွာပထမဒါယကာ ဖြစ်သည်။ ကောဇာသက္ကရာဇ် ၁၉၅ ခု တန်ခူးလပြည့်ကျော် ၉ ရက်တွင် နတ်ရွာ စံ၏။ သားတော်မွတ်ရာဇာသည် ရမ္မာဝတီမြို့၏ ဒုတိယမြောက်ဘုရင်ဖြစ် လာသည်။ ။

 

အကျိုးစီးပွားကို မျှော်လင့်

 

“မွတ်မျက်စိ၊ ပိ=သုံး၊ ရာဇာမင်းဟု အဓိပ္ပာယ်ရ၏။ မျက်လုံးနှစ်ဖက် အကြားတွင် အစွမ်းထက်သော မဲ့ရှင်ရှိသည်ဟု ခန့်မှန်းနိုင်သည်။ မာမက (သုတေသီ) ၏ မွန်တို့ဌာနေ ရာမညစာအုပ်တွင် “သထုံမင်းဆက်ပျက်ပြီးနောက် ကရဏ္ဏတိုင်း သုဘိန္နနာဂရမြို့ကို ကရဏ္ဏကာရမင်းအုပ်စိုးခဲ့၏။ ကရဏ္ဏမင်း လွန်ပြီးနောက် သားတော်မွတ်ရာဇာ(မွတ်ဖွဲ့ ရာဇာ)မင်းအုပ်စိုးခဲ့သည် " ဟုဆို၏။ ထို့နောက် ဒုတိယမြောက်မွတ်ဖွဲ့ (မျက်စိသုံးလုံး) ဘုရင်မျက်စိကြွေသည်ကို အစွဲပြု၍ ဒုံမွတ်မလိန်း (မျက်စိပျက်မြို့) ခေါ်သော မြို့မှာ ယခု မော်လမြိုင်မြို့ ဖြစ်နေသည်ဟု ဆိုခဲ့၏။ ထို့ကြောင့် ကရဏ္ဏတိုင်း သုဘိန္နနာဂရမြို့ကို အုပ်စိုးသော မွတ်ပိရာဇာသည် ပထမမွတ်ပိရာဇာဖြစ်သည်။ မော်လမြိုင်မြို့ကို အုပ်စိုးသော မွတ်ပိရာဇာသည်သာ ရှမ်းမွန်မင်းဆက် ဒုတိယမွတ်ပိရာဇာဖြစ်သည်။ ဘုရင်ဖြစ်လာသောအခါ ရှေးသာသနာပြု တိုင်းပြုပြည်ပြု မင်းမြတ်တို့ကဲ့သို့ သာသနာတော်၏ အကျိုးစီးပွား၊ တိုင်းသူပြည်သား အပေါင်းတို့၏ အကျိုးစီးပွားကို မျှော်လင့်လျက် ခမည်းတော်လက်ထက် မပြီးပြတ်ခဲ့သည့် မြို့တော်၊ နန်းတော်၊ ကျုံးတော်၊ ပုထိုးစေတီတော်၊ ကန်တော်၊ ပိဋကတ်တိုက်တော်၊ ကျောင်းတော်တည်းဟူသော ခုနစ်ဌာနကို တစ်ပြိုင်တည်း ပြီးစီးအောင် ဆောင်ရွက်လေသည်။ မော်လမြိုင်ရာဇဝင်စာအုပ်တွင် ကျိုက်သလ္လံ စေတီတော်ဘုရား တည်ထားပြီးသည်ကို မွတ်ပိရာဇာမင်းသည် တောင်ဝိုင်းတောရ သာသနာပိုင် ခင်ကြီးဉာဏမှ ဆံတော်ဓာတ်ကိုဌာပနာပြီး သက္ကရာဇ် ၁၉၉ ခုနှစ်အတွင်း ရွှေထီးအထွတ် တင်လှူတော်မူသည်ဟု အဆိုရှိခဲ့သည်။ ထို့ကြောင့် မွတ်ပိရာဇာမင်းသည် ကျိုက်သလ္လံစေတီတွင် ဆံတော်ဓာတ်ထပ်မံ ဌာပနာပြီး ထီးတော်တင်လှူခဲ့သော ဒါယကာဖြစ်သည်။ တိုင်းပြည်ပြုပြင်ရေးတွင် ခုနစ်ဌာနကို တစ်ပြိုင်နက်တည်း ပြီးအောင် ဆောင်ရွက်ရာ၌ ကျိုက်သုတ်စေတီမှာ အသစ်တည်ခဲ့သည့် စေတီဟု ခန့်မှန်းနိုင်သည်။

 

အက္ခရာတင်ခဲ့
 

သက္ကရာဇ် ၁၂၃၂ ခု ကဆုန်လဆန်း ၅ ရက် ကျိုက်သလံစေတီ ရင်ပြင်တော်၌ ရေးထိုးစိုက်ထူထားသော စစ်ကဲကြီး ဦးထော်လေးကျောက်စာတိုင်တွင် “ဘုရားဂူကျောင်း၊ တန်ဆောင်းပြာသာဒ်၊ ဇရပ်အုတ်တိုက်၊ သိုက်မြိုက်ထင်ပေါ်၊ မြသိန်းတန်စေတီတော်၊ ရွှေမြိုင်မြို့ အပေါ်တွင် ဈေးသော် မသိမ်းမယုတ်၊ အဟုတ်တသွန် ကျေးကျွန်လည်းမထားရဘဲ၊ ရှေးထက်ကဲ သည်တတန်၊ ဆံတော်ရှင်ကျိုက်အသုတ်၊ ကျိုက်သလံခေါ် သမုတ်သည်။ အနုတ္တရံဆံတော်ရှင်မှာ၊ စောင်းတန်းပင်လေးဆူ၊ တန်ဆောင်းမူ လေးမျက်နှာ" ဟူ၍လည်းကောင်း၊ သက္ကရာဇ် ၁၁၅၄ ခု တန်ခူးလဆန်း ၇ ရက် ရာမညတိုင်း သုံးရပ် ဓာတ်တော်သမိုင်းစာအုပ်တွင် ဘောဂမည်သော နတ်ကျိုက်သလ္လံ ဘုရား၌ ရှိ၏။ ဝေဘေမည်သောနတ်သည် ကျိုက်အသုတ်ဘုရား၌ ရှိ၏ဟူ၍ လည်းကောင်း၊ သက္ကရာဇ် ၁၂၁၁ ခု တန်ခူးလတွင် ရေးထိုးခဲ့သော ကျိုက်သုတ်ခေါင်းလောင်းစာတွင် “စေတီယံ၊ မော်ရွှေမြိုင်မြို့၊ ရီသို့ထင်ပေါ်၊ ကျိုက်အသုတ်စေတီတော်မြတ်ကို ပူဇာပေတိ” ဟူ၍လည်းကောင်း၊ သက္ကရာဇ် ၁၂၁၁ ခုတွင် ရေးသားခဲ့သော စစ်ကဲတော်မင်းမောင်နော် စေတီတော် သမိုင်းပေါင်းချုပ်စာအုပ်တွင် "သွားတော်ဓာတ်တစ်ဆူကို မှိန်းပွန်းဒုရပ်မင်း၊ မှူးမတ်၊ သူဌေး သူကြွယ်၊ ကုန်သည်၊ ဆင်းရဲသားတို့အစုံအညီ ရွှေကြုတ်နှင့် ထည့်သွင်း၍ဌာပနာတိုက်၌ ဌာပနာ၏" ဟူ၍လည်းကောင်း ရေးသားထားသော အချက်များအရ ကျိုက်သလ္လံစေတီသည် မူလက သွားတော်ဓာတ်သာဖြစ်ပြီး နောက်ပိုင်းတွင် ဆံတော်ဓာတ် ထပ်မံဌာပနာပြန်သဖြင့် သွားတော်ဓာတ်အပြင် ဆံတော်ဓာတ်လည်း ကိန်းဝပ်ရာ စေတီဖြစ်ကြောင်း၊ ဦးထော်လေး၏ ကျောက်စာတိုင်တွင် ကျောက်ထက်အက္ခရာတင်ရာ၌ ကာရံငဲ့ကာ သွားတော် ဓာတ်ကို ချန်ခဲ့၍ ဆံတော်ဓာတ်ကို “အနုတ္တရံဆံတော်” ဟူ၍သာ ရေးထိုးခဲ့ကြောင်း၊ ကျိုက်သုတ်စေတီတော်ကိုမူ ဆံတော်ရှင် ကျိုက်အသုတ်ဟူ၍သာ ရှေးက ကျောက်ထက်အက္ခရာ၊ ပေထက် အက္ခရာတင်ခဲ့ကြောင်းကို တွေ့နိုင်သည်။

 

မွန်လူမျိုးတို့သည် ကမ်းရိုးတန်းဒေသ၊ ကမ်းမြောင်လွင်ပြင်ဒေသ၊ မြစ်ဝှမ်း လွင်ပြင်ဒေသကို အခြေပြု၍ အိုးအိမ်တည်ဖွဲ့လေ့ရှိသည်။ ထို့ကြောင့် ပထဝီ အနေအထားကိုလိုက်၍ မြို့၊ ရွာ အမည် မှည့်ခဲ့သည်ကိုလည်း တွေ့နိုင်သည်။ ( ဥပမာ- သံလွင်မြစ်ဝှမ်း လွင်ပြင်တစ်ဝိုက်တွင် မုပွန်၊ မူးနိုင်၊ မုတ္တမ၊ “မုလန် " (သင်လန်)၊ ခလောက်တို့ (ကုလားတို့) စသည့်အမည်တို့ကို လေ့လာပါက ပို၍ထင်မြင်လာနိုင်သည်။ မုပ္ပန်သည် (မုဟ်ပန် = လေးခုမြောက်အငူအစွန်း)၊ မူးနိုင်သည် (မုဟ်နော်=နဂါးကဲ့သို့အငူအစွန်း)၊ မုတ္တမသည် (မုဟ်တွအ်=ကျောက်အငူအစွန်း)၊ မုလန်သည် (မုဟ်လီု= အငူပျက်အစွန်းပျက်)၊ ခလောက်တို့သည် (ခလံက်အဒေါက်=လှေဆိပ်လွင်ပြင်)ဟု အဓိပ္ပာယ်ရသည်။ “မုလန်” သည် ကျိုက်သလံစေတီ နရသူအမတ် ခေါင်းလောင်းစာတွင် မုဟ်လိုလို ဟူ၍ရေးထိုးသည်။ မုဟ်လိုလိုသည် အငူအစွန်းပျက်ဟူ၍ လည်းကောင်း၊ သင်လီုသည် ကမ်းပျက်ဟူ၍လည်းကောင်း အဓိပ္ပာယ်ရ၏။ ထို့ကြောင့် “မုဟ်လို" နှင့် “သင်လို”တို့သည် အဓိပ္ပာယ်ဆင်တူ၏။

 

ကျိုက်သုတ်စေတီသည်လည်း မုဟ်လို (သင်လို) စေတီနှင့် မုဟ်ပန် စေတီ အလယ်တွင် တည်ထားကိုးကွယ်ထားသဖြင့် “ကျော်အသုတ်” အလယ်ဗဟိုချက် ဘုရားဟုလည်း ယူနိုင်သည်။ ပထဝီ အနေအထားအရ “မုဟ်လို”နှင့် “မုဟ်ပန်” “မုဟ်” နှစ်ခု၏ အလယ်ချက်၊ အငူအစွန်းနှစ်ဖက်၏ အလယ်ချက်ကြားနေရာတွင် တည်ရှိသည်ကိုလည်း တွေ့နိုင်သည်။

 

စနေဂြိုဟ်အနီးတွင် တွေ့နိုင်

 

 ကျိုက်သုတ်စေတီခေါင်းလောင်းကို စေတီအနောက် မုခ်တန်ဆောင်း၏ အနောက်တောင်ထောင့် စနေဂြိုဟ်အနီးတွင် တွေ့နိုင်သည်။ ကျိုက်သုတ်စေတီ ခေါင်းလောင်းတွင် မွန်၊ မြန်မာ နှစ်ဘာသာ ရေးထိုးထားသည်။ မွန်ဘာသာသည် စေတီအရှေ့ဘက်သို့ မျက်နှာမူပြီး မြန်မာဘာသာသည် အနောက်ဘက်သို့ မျက်နှာမူ ပူဇော်ထားသည်။ ခေါင်းလောင်းကြီး အမြင့် - ၂၉ လက်မ၊ ခါလုံးပတ်- ၆၈ လက်မ၊ အောက်ခြေလုံးပတ် - လက်မ ၉ဝ၊ အထူ -၂ ဒသမ ၂ လက်မ၊ အချင်း ၃၀ လက်မ၊ ပေါင်းတိုင်အမြင့် - ၉ လက်မ၊ ပေါင်းကိုင်းလုံးပတ် - ၉ လက်မ၊ လည်ပင်း - ၂၇ လက်မ၊ တစ်ဖက်တစ်ချက်တွင် သင်္ခဝိဇရုပ်ပုံသွန်းလုပ် ပူဇော်ထား၏။ ကျိုက်သုတ်စေတီ ခေါင်းလောင်းစာသည် မွန်ဘာသာဖြင့် မူလက ရေးထိုးခဲ့ပြီးနောက် နှစ် ၁၀၀ တွင် မြန်မာဘာသာဖြင့် ပြန်လည် ရေးထိုးခဲ့သည်။ မွန်ဘာသာရေးထိုးစဉ် ၁၁၁၁ ခု ကာလဝန်းကျင်တွင် မွန်ဘာသာစာပေ ဖွံ့ဖြိုးထွန်းကားခဲ့ပြီး မြန်မာဘာသာ ရေးထိုးစဉ်၁ ၂၁၁ ခုတွင် မြန်မာဘာသာ စာပေဖွံ့ဖြိုး ထွန်းကားလာခဲ့ကြောင်းကိုလည်း ခန့်မှန်းနိုင်သည်။ သို့သော် ယခုတွင် ပေါင်းကိုင်း တစ်ဖက်တစ်ချက်၌ လူပျံတော်ကလေးပုံဖြင့် တွေ့ရ၏။ ပေါင်းကိုင်းကို ခြင်္သေ့ရုပ်နှစ်ကောင် ပါသော တန်းချိတ်ဆွဲဖြင့် ချိတ်ထား၏။

 

မွန်ဘာသာခေါင်းလောင်းဘက်ခြမ်းတွင် ကျေးဇူးကြီးမားလှစွာသော ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ အရိယာ၊ သာဝက အပေါင်း တို့နှင့် တရားသောမင်းတို့အား ရှိခိုးကော်ရော်သည်ကို ဦးစွာရေးထိုးထားသည်။ ဆက်လက်၍ ခေါင်းလောင်းသွန်းလုပ်သော ခုနှစ်၊ လ၊ ရက်။ ခေါင်းလောင်း အလေးချိန်တို့ကို အတိအကျ ရေးထိုးထားသည်။ အကျဉ်းချုပ်ရေးထားသည့် သဘောဆောင်သည်။ ။

 

မြန်မာဘာသာ ခေါင်းလောင်းစာဘက်ခြမ်းတွင် တရားကိုးကွယ်ခြင်း အကျိုးအောင်မြင်မှု နိမိတ်ဆောင်သည်ဟူသော ပါဠိဘာသာဖြင့် ဦးစွာရေးထိုးပြီး သာယာလွမ်းမောဖွယ်အပေါင်းနှင့် ပြည့်စုံသော မော်လမြိုင်မြို့ဘွဲ့၊ ခေါင်းလောင်း လှူဒါန်းပူဇော်သူပုဂ္ဂိုလ်၏ ဘွဲ့၊ ခေါင်းလောင်းပူဇော်သော ကျိုက်သုတ်စေတီဘွဲ့တို့ကို ပါဠိဘာသာဖြင့် အကျဉ်းချုပ်ရေးထိုးထားသည်။ ဆက်လက်၍ မော်လမြိုင်မြို့ဘွဲ့၊ ခေါင်းလောင်းလှူဒါန်း ပူဇော်သူပုဂ္ဂိုလ်၏ ဘွဲ့၊ ခေါင်းလောင်းကို ပြန်လည်သွန်းလောင်း လုပ်ဆောင်ပူဇော်သော အစိတ်အပိုင်း၊ ခုနှစ်၊ လ၊ ရက်နှင့် ခေါင်းလောင်း ပူဇော်သော စေတီတော် ကျိုက်သုတ်ဘွဲ့ တို့ကို ပါဠိ မြန်မာနိဿယပြန်ရေးနည်းဖြင့် သိုင်းသိုင်းဝန်းဝန်း ရေးထိုးထား ကြောင်း တွေ့ရသည်။

 

အနုပညာလက်ရာများကို ထိတွေ့ခံစားရ

 

ကျိုက်သုတ်စေတီ ခေါင်းလောင်းစာ မွန်၊ မြန်မာ နှစ်ဘာသာကို လေ့လာခြင်းအားဖြင့် ကြီးမားလှသော စာပေအထောက်အထားများ၊ ရှေးမော်လမြိုင်မြို့၏ သာယာလွမ်းမောဖွယ် တောတောင်၊ စိမ့်၊ စိမ်း ပတ်ဝန်းကျင်အနေအထားများ၊ ခေါင်းလောင်းသွန်းလုပ်မှု ရှေးခေတ် အနုပညာလက်ရာများကို ထိတွေ့ခံစားရသည့်အပြင် နောက်နောင် သုတေသန ဆောင်ရွက်မှုတို့တွင် တစ်ထောင့်တစ်နေရာ အုတ်တစ်ချပ် သဲတစ်ပွင့်အလား ပံ့ပိုးနိုင်မည်ဖြစ်ပါကြောင်း ရည်သန်လျက် ရေးသားရပါသည်။

 

 

ကိုးကား -

- မွန်ရာဇဝင်စေတီတော်သမိုင်းပေါင်းချုပ် (စစ်ကဲကြီးဦးရွှေနော်)

- မော်လမြိုင်ရာဇဝင် (သခင်ကိုယ်တော်မှိုင်း)

- ရာမညတိုင်းသုံးရပ်ဓာတ်တော်သမိုင်း (မွန်ပေစာများမှ မြန်မာဘာသာပြန်ခြင်း)

- မွန်ဘာသာစကားနှင့်ယဉ်ကျေးမှုတို့၏ဝိသေသကဏ္ဍ (ဒေါက်တာနိုင်ပန်းလှ)

- မွန်တို့ဌာနေရာမည မာမက သုတေသီ - လိခ်ကပ်တွင်ဩန်ရတ် (ဘာမာဝိဟာရ ပရိယတ္တိကွာန်ကံဗိန်)