ရေး အောက်တိုဘာ ၂
မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းနှင့် ဆုံဆို့မေးခိုင် ကာကွယ်ဆေး(DT)ထိုးနှံပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရေးမြို့နယ် တပ်နယ်မှူးဗိုလ်မှူးကြီး ကောင်းဇော်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်မျိုးထက်က ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် အသက် ကိုးနှစ်ပြည့်ပြီး ၁၀ နှစ်မကျော်သော ကျောင်းသူ Grade-3 မှ ၁၄ ဦးနှင့် Grade-4 မှ ၅၅ ဦးတို့အား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းနှင့် အသက် ငါးနှစ်ပြည့်ပြီး ခုနစ်နှစ်မကျော်သော KG ကျောင်းသား ကျောင်းသူ ၄၆ ဦးတို့အား ဆုံဆို့ မေးခိုင်ရောဂါ ကာကွယ်ဆေး(DT) ထိုးနှံပေးနေမှုကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။
ရေးမြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေးကို ကျောင်းသား ကျောင်းသူ ၃၈၇၉ ဦးနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို ကျောင်းသူ ၂၀၂၈ ဦးတို့အား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


