ရန်ကုန် ၁၇ ဖေဖေါ်ဝါရီ
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိဇီးဖြူကုန်းရေထိန်းတံခါးသည် တိုးမြစ်မှတစ်ဆင့် တွံတေးတူးမြောင်းမှဝင်ရောက်လာသော ရေချိုများအားသိုလှောင်ထားရှိခြင်းဖြင့် ရွှေမယင်းကွင်း အတွင်းယခု ၂၀၁၈-၂၀၁၉ ခုနှစ် နွေစပါးစိုက်ရာသီတွင် စပါးစိုက်ဧက(၂၇၀၉၄) ဧကလျာထားဆောင်ရွက်ခဲ့ရာလျာထားချက်ထက်ကျော်လွန်၍ (၃၀၉၁၉) ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
တွံတေးမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် မိုးစပါး (၈၁၂၆၆) ဧကနှင့် နွေစပါး(၂၇၀၉၄) ဧကစိုက်ပျိုးနိုင်ခဲ့သည် ။ ရွှေမယင်းကွင်းသည် တွံတေးမြို့နယ်၏ စပါးအများဆုံးစိုက်ပျိုးရာဒေသဖြစ်ပြီးဇီးဖြူကုန်းရေထိန်းတံခါးမှ အဓိကရေထိန်းရေထုတ်နုတ်ပေးနေခြင်းဖြစ် သည်။ ရွှေမယင်းကွင်းအတွင်းမိုးရာသီတွင် ရွာသွန်းသောမိုးရေများအားကွင်းအတွင်းမှ ရေထုတ်နုတ်ပေး ပြီး အမြင့်ဆုံးဒီရေတက်ချိန်များတွင် ကွင်းအတွင်းမြစ်ရေများ ဝင်ရောက်၍နစ်မြုပ်ပျက်စီးမှုမဖြစ်အောင် တူးမြောင်းဘက်ခြမ်းရေတံခါးများမှ ကာကွယ်ပေးထားသည်။
နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် တိုးမြစ်မှဝင်ရောက်လာသောရေချိုများအား တွံတေးတူးမြောင်းမှတဆင့် ဇီးဖြူကုန်းရေတံခါးမှ ရေသွင်း၍ရေချိုသိုလှောင်ပြီးစိုက်ပျိုးရေနှင့်အောင်ရေတို့ဖြင့် နှစ်စဉ် နွေစပါးစိုက်ပျိုးထုတ်လုပ်ခဲ့သည် ။ တွံတေးတူးမြောင်းသည် ဒီရေအတက်အကျရှိသော တူးမြောင်းဖြစ်ပြီး နှစ်စဉ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရန်ကုန်မြစ်ဘက်မှ ပင်လယ်ရေငန်များ ဝင်ရောက်လေ့ရှိသဖြင့် နွေစပါးစိုက်ပျိုးမှုအားမထိခိုက်စေရန် ဇီးဖြူကုန်းရေတံခါးမှ ရေတံခါးများပိတ်၍ ရေငန်ဝင်ရောက်မှုမှ ကာကွယ်ပေးလျက်ရှိသည်။
တွံတေးမြို့နယ်အတွင်းရှိရွှေမယင်းကွင်းအတွင်းမိုးရာသီတွင် ရေကြီးနစ်မြုပ်မှုမှကာကွယ်ရန်နှင့် နွေအခါတွင် တိုးမြစ်မှတဆင့် တွံတေးတူးမြောင်းမှဝင်ရောက်လာသော ရေချိုများအားသိုလှောင်ထား ရှိခြင်းဖြင့် မိုးစပါးစိုက်ပျိုးနိုင်ရုံသာမက နွေစပါးများတိုးချဲ့စိုက်ပျိုးလာနိုင်ရန် ရေတံခါး ( ၆ပေ x ၁၂ပေ)(၇) ပေါက်ပါဇီးဖြူကုန်းရေတံခါးကိုဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီးရေတံခါးတည်ဆောက်ပြီးစီးသည့်နောက်တွင် မိုးစပါးတိုးတက်စိုက်ပျိုးလာနိုင်သည်သာမက နွေစပါးကိုပါ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


