ရွှေသောင်ယံကမ်းခြေက Lai Lai ကျွန်းဆီ လည်ပတ်ကြမယ်

 

ယဉ်လာဒ်

 

ပြည်တွင်းခရီးသွားဧည့်သည် အများဆုံးသွားရောက်လည်ပတ်ကြတဲ့ ချောင်းသာကမ်းခြေကနေ     နာရီဝက်ကျော် သွားရောက်တာနဲ့ ရောက်ရှိနိုင်တဲ့ ရွှေသောင်ယံကမ်းခြေက Lai Lai  ကျွန်းကို ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြပေးချင်ပါတယ်။

အေးချမ်းစွာ အနားယူချင်တဲ့ ကမ်းခြေချစ်သူတို့အတွက် ရွှေသောင်ယံ ကမ်းခြေဟာ လိုက်ဖက်လှပါတယ်။ အနာဂတ်မှာ ဖွံ့ဖြိုးလာမယ့်ကမ်းခြေဖြစ်တာမို့ လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံလာခဲ့ကြတဲ့ ကမ်းခြေဖြစ်လာနေပြီး လက်ရှိမှာတော့ ဟိုတယ်ငါးလုံးအထိ ရင်းနှီးမြှုပ်နှံ ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။

ရွှေသောင်ယံကမ်းခြေဟာ အရင်ကနိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ အများဆုံး လာရောက်လည်ပတ်ကြတဲ့ ကမ်းခြေဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ပြည်တွင်းခရီးသွားတွေလောက်သာ သွားရောက်လည်ပတ် နိုင်ပါသေးတယ်။ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ချောင်းသာဌာနခွဲမှတာဝန်ရှိသူက ချောင်းသာကမ်းခြေကိုတော့ ပိတ်ရက်တွေမှာ ခရီးသွားဧည့်သည်တွေ ပုံမှန်အတိုင်း လာရောက်လည်ပတ်နေကြ ပါတယ်လို့ စာရေးသူကို ပြောပါတယ်။

ရွှေသောင်ယံကမ်းခြေရဲ့ ကမ်းခြေ အရှည်ဟာ ခုနစ်မိုင်ခွဲဝန်းကျင်ရှိပြီး ချောင်းသာကမ်းခြေကနေ ကားနဲ့ နာရီ ဝက်ကျော် လာရောက်လည်ပတ်ရုံနဲ့ ရောက်ရှိနိုင်ပါတယ်။ ရွှေသောင်ယံ ကမ်းခြေကနေ အနည်းငယ်ဆက်သွားရုံ နဲ့ ဝက်သေကမ်းခြေကိုလည်း ရောက်ရှိ မှာဖြစ်ပါတယ်။ ချောင်းသာကမ်းခြေရဲ့ ကျောက်မောင်နှမဘက် အလွန် ရွှေသောင်ယံအစမှာ Sea & Lake Garden နဲ့ Mangrove View Resort၊ ရွှေသောင်ယံဟိုတယ်နဲ့ Lai Lai ဟိုတယ် တွေရှိပြီး ဝက်သေကမ်းခြေမှာတော့ ဟိုတယ်တစ်လုံးသာ ရှိပါသေးတယ်။

ရွှေသောင်ယံကမ်းခြေဟာ သဘာဝအတိုင်းတည်ရှိနေသေးတဲ့ ကမ်းခြေဖြစ်ပြီး လုပ်ငန်းရှင်တချို့ကတော့ ပြည်တွင်းစျေးကွက် ရရှိထားတဲ့ ချောင်းသာကမ်းခြေထက် နိုင်ငံခြားသား ဧည့်သည်အများဆုံး လာရောက် လည်ပတ်ကြတဲ့ ရွှေသောင်ယံကမ်းခြေမှာ ဟိုတယ်ရင်းနှီးမြှုပ်နှံမှုတွေကို တစ်စတစ်စနဲ့ ပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။

Lai Lai Hotel- Shwe Thaung Yan Beach မှ မန်နေဂျာဒေါ်ကြည်ကြည်အေး က “ကျွန်မတို့ Lai Lai ဟိုတယ်က ကမ်းခြေဗျူးတွေကို ကြည့်လို့ရနိုင်အောင် ဟိုတယ်ကို တည်ဆောက်ထားတာပါ။ ဘန်ဂလိုအမျိုးအစား Sea View ကို ကျပ် ၁၈၀၀၀၀၊ second Sea View ကို ကျပ် ၁၆၀၀၀၀ နဲ့ Superior Room ကိုတော့ ၁၃၀၀၀၀ နဲ့ အခန်းအမျိုးအစား သုံးမျိုးခွဲခြားထားပါတယ်” လို့ စာရေးသူကို ပြောပြပါတယ်။ အခါကြီးရက် မဟုတ်တဲ့ ကြားရက်မှာလာတည်းရင် တော့ ၁၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်လို့ဆိုပါတယ်။

Lai Lai ကျွန်းကို သွားရောက် လည်ပတ်ချင်ကြတဲ့ ခရီးသွားဧည့်သည်တွေကို Lai Lai ဟိုတယ်ကနေ ပို့ဆောင် ပေးပါတယ်။ Lai Lai ကျွန်းကို ကားနဲ့ သွားရင် နာရီဝက်လောက်ပဲ မောင်းနှင်ရပြီး စက်လှေနဲ့သွားရင် တစ်နာရီ လောက် သွားရတာမို့ အများစုကတော့ ကားနဲ့ပဲ သွားရောက်လည်ပတ်ကြပါတယ်။

ကျွန်းပေါ်မှာ နေ့တစ်ဝက်နေပြီး ငါးကင်စားခြင်း၊ ရေငုပ်ခြင်း(snorkeling)တွေလည်း ပြုလုပ်နိုင်သလို အေးအေး ဆေးဆေးအပန်းဖြေရင်း ပင်လယ်ပြင် အလှအပတွေကို ခံစားကြည့်ရှုနိုင်တဲ့ နေရာဖြစ်တာမို့ ပြည်တွင်းခရီးသွား ဧည့်သည်တွေကို သဘောကျနှစ်ခြိုက် စေမှာဖြစ်ပါတယ်။

“ကျွန်းပေါ်မှာ တစ်နေကုန် လည်ပတ်လည်းရတယ်။ ဧည့်သည် စိတ်တိုင်းကျ ပင်လယ်စာမျိုးစုံ ဝယ်ယူ နိုင်တယ်။ ဟိုတယ်ကတော့ တာဝန်ယူ လုပ်ပေးပါတယ်။ ပြီးရင် တံငါရွာတွေဆီ သွားလည်ပတ်ပြီး ရေထွက်ကုန်တွေ လည်း ဝယ်ယူနိုင်ပါတယ်။ ဧည့်သည်တွေ စိတ်ကြိုက်ဝန်ဆောင်မှု ပေးနေပါတယ်” လို့ ဒေါ်ကြည်ကြည်အေးက ဆက်ပြောပြပါတယ်။

“အရင်တုန်းကတော့ ဒီကျွန်းကို တရုတ်ခရီးသွားဧည့်သည်တွေလာကြတယ်။ ကျွန်းရဲ့ကျောက်ဆောင်က အလွန်လှပါတယ်။ ကျောက်ဖျာပုံစံမျိုး ထိုင်ခုံလေးတွေရှိတယ်။ အေးအေးဆေးဆေးအပန်းဖြေစရာ လယ်တဲ အိမ်လေးတစ်လုံးရှိတယ်။ အခုတော့ ကျွန်းပတ်လမ်းလေးတွေ၊ တောင်ပေါ် တက်လမ်းလှလှလေးတွေ လုပ်နေပါတယ်။ မကြာခင်မှာ ပြီးပါတော့မယ်” လို့ ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

လက်ရှိမှာတော့ ရွှေသောင်ယံ ကမ်းခြေဟာ လမ်းပန်းဆက်သွယ်ရေးပိုင်းမှာ ကောင်းမွန်ခြင်းမရှိသေးဘဲ ကျောက်လမ်း၊ မြေသားလမ်းအနေ အထားသာရှိသေးပေမယ့် ပြည်တွင်း ပြည်ပဧည့်သည်အများစု လာရောက် လည်ပတ်နေကြတဲ့ ကမ်းခြေတစ်ခု ဖြစ်လာနေပြီဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ ကားနဲ့လာရောက်ရင် ငါးနာရီ လောက်ပဲ ကြာမြင့်တာမို့ အလွယ်တကူ သွားရောက်လည်ပတ်နိုင်တဲ့ ခရီးစဉ် ဒေသတစ်ခုလည်းဖြစ်ပါတယ်။

ခရီးသွားအများစုဟာ ကမ်းခြေ ရောက်ရင် လည်ပတ်၊ ဓာတ်ပုံရိုက်ကူး၊ ငါးမျှား၊ ခရုကောက်၊ ပင်လယ်ပြင်အလှ ကိုကြည့်ပြီးအပန်းဖြေ စသဖြင့် အနားယူ ကြရင်း ရက်တိုသာ လာရောက်လည်ပတ်လေ့ရှိကြတာမို့ ရက်ရှည် တည်းခို နေထိုင်လည်ပတ်အောင် ဆွဲဆောင်နိုင်ဖို့အတွက် လုပ်ငန်းရှင်တွေကလည်း ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အကောင်အထည်ဖော် စီစဉ်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရန်ကုန်မြို့နဲ့လည်း မဝေးလှဘဲ ပင်လယ်ပြင်သဘာဝအလှ တရားများကို ပြည့်ပြည့်ဝဝခံစားရင်း အနားယူစေနိုင်ဖို့ ရွှေသောင်ယံကမ်းခြေ က Lai Lai ကျွန်းဆီကို သွားရောက်လည်ပတ်တဲ့ ခရီးစဉ်ကို ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ရေးသားဖော်ပြလိုက်ပါတယ်။