ရွှေတောင် သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိက ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့် တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ ယခုနှစ်တွင် မိုးစပါးလျာထားဧက (၅၈၁၆၃) ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရွှေတောင်မြို့နယ်အတွင်း ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာတွင် မှော်ဘီ(၂)၊ ရတနာတိုး၊ ဗီယက်နမ်၊ ရက်( ၉၀) စသည့် စပါးမျိုးများကို ပျိုးထောင်ခြင်းဖြင့်လည်းကောင်း၊ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့်လည်းကောင်း၊ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်တို့ဖြင့်လည်းကောင်း လျာထားဧကပြည့်မီစွာ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ရွှေတောင်မြို့နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြသခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်းတို့အပြင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ ရောစပ်ကြဲပက်ခြင်း များ၊ စပါး အထွက်နှုန်းတိုးတက်မြင့်မားစေရန် တောင်သူများအား နည်းပညာပေးခြင်း၊ လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေး ကောင်းမွန်စေရေး၊ မိုးစပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် အထွက်နှုန်း မြင့်မားပြီး အရည်အသွေး ကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများအား တောင်သူများ ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုး သွားနိုင်ရန်ရည်ရွယ်၍ ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)


