ရန်ကုန် ၁၄ ဖေဖော်ဝါရီ
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စီစဉ်ကျင်းပသော (၅၆၇)ကြိမ်မြောက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စေတီတော် ရင်ပြင်တော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဗဟန်းမြို့နယ် ညောင်တုန်း ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဝရာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကြသည်။
ယနေ့ပြုလုပ်သော အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်(ရွှေပြား) အလှူရှင် ၁၅၃ ဦးတို့က ရွှေပြားပေါင်း ၁၅၁ ချပ် လှူဒါန်းခဲ့ကြပြီး လှူဒါန်းငွေစုစုပေါင်း ကျပ် ၁၅၇၉၅၀ဝ၀ဝ ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


