ရန်ကုန် ၁၉ ဖေဖော်ဝါရီ
ရွှေတိဂုံစေတီတော် ၁၃၈၀ ပြည့်နှစ် တပို့တွဲလပြည့် မြန်မာ့ရိုးရာထမနဲ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲနှင့် သြဝါဒပါတိမောက် အခါတော်နေ့ အခမ်းအနားကို ယနေ့နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင်များနှင့် ဘာသာရေး အသင်းအဖွဲ့ များက ဗုဒ္ဓပူဇာအဖြစ် ဗုဒ္ဓမြတ်စွာ ဘုရားရှင်အား ထမနဲ၊ ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး သြဝါဒပါတိမောက် ဒေသနာ တော်နှင့် သြဝါဒပါတိမောက် အနှစ်ချုပ်တို့ကို ပါဠိ၊ မြန်မာ နှစ်ဘာသာဖြင့် ရွတ်ဆိုပူဇော်ကြသည်။
ဆက်လက်၍ ရင်ပြင်တော် ရောင်တော်ဖွင့် တန်ဆောင်း၌ ရွှေတိဂုံစေတီတော် သြဝါဒါ စရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်း အဖွဲ့များနှင့် အလှူရှင်များက ဆရာတော်ကြီးနှင့် သံဃာတော်များအား ထမနဲ ဆွမ်းတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။
ယင်းနောက် ရေစက်ချအနုမောဒနာ အခမ်းအနားကို ရွှေတိဂုံစေတီတော် ရင်ပြင် ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ ရန်ကင်းမြို့နယ် မဟာဓမ္မိကာရုံ ပရိယတ္တိ စာသင်တိုက် ကျိုက်ပိကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တဂုဏေသနထံမှ ဂေါပကအဖွဲ့များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက နဝင်္ဂသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် အလှည့်ကျ သဘာပတိ ဦးစိုးဝင်းက ဇေယျ မင်္ဂလာ အနုမောဒနာစကား လျှောက်ထားပြီး ဆရာတော် သံဃာတော်များ ရွတ်ပွား ပူဇော်သော ပရိတ်တရားတော်များ နာကြားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ ဗဟန်းမြို့နယ် ညောင်တုန်းပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပဝရာဘိဝံသထံမှ အနုမောဒနာ နာကြားပြီး ရေစက်ချတရားနာယူကြသည်။
ဆက်လက်၍ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ကကြီးမှူး၍ ၁၃၈၀ ပြည့်နှစ် တပို့တွဲလပြည့် သြဝါဒပါတိမောက်အခါတော်နေ့ အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် ကမ္ဘာအေးစေတီတော် အာရုံခံတန်ဆောင်း အပေါ်ထပ်၌ကျင်းပရာ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များက သြဝါဒပါတိမောက် အခမ်းအနားဆိုင်ရာ အမေး၊ အဖြေများ ပြုလုပ်ခြင်း၊ သြဝါဒပါတိမောက် ရွတ်ဆိုပူဇော်ခြင်း၊ အခါတော်နေ့ အဓိဋ္ဌာန်ခြင်း၊ မေတ္တာ ဘာဝနာပွားများခြင်း၊ ဆုတောင်းအမျှေဝ သာဓုခေါ်ဆိုခြင်းတို့ကို ပြုလုပ်ကြသည်။
သတင်း - ကိုကိုဇော်
ဓာတ်ပုံ - ဇော်မင်းလတ်


