နေပြည်တော်  စက်တင်ဘာ  ၁၈

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်   တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ခုနစ်ဆုဖြင့်  စုပေါင်း တံခွန်စိုက် ဆုဖလားရရှိခဲ့သော ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် တင်းနစ်အားကစားသမားများအား ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ် အင်းတကော်မြို့ ဝမ်းဘောဒတ်တံတားမှ စတင်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအထိ ကားလမ်း ဘေးဝဲ/ယာမှ    ပြည်သူများက သောင်းသောင်းဖြဖြ  စည်ကားသိုက်မြိုက်စွာ ကြိုဆိုကြသည်။

ထို့နောက် တင်းနစ်အားကစားသမားများအား ဂုဏ်ပြုခြင်းအခမ်းအနားကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ်က  ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တင်းနစ်အားကစားပြိုင်ပွဲ စုပေါင်းတံခွန်စိုက်ဆုဖလား၊ အမျိုးသားတံခွန်စိုက် ဆုဖလားနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေကျပ် သိန်း  ၃၅၀ ကို ဂုဏ်ပြုချီးမြှင့်သည်။

ဆက်လက်၍ တင်းနစ်အားကစားအဖွဲ့ နည်းပြတစ်ဦးနှင့် အားကစားသမားတစ်ဦးတို့က ကျေးဇူးတင်စကား    ပြန်လည်ပြောကြားသည်။

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တင်းနစ်ပြိုင်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူတင်းနစ်ကွင်း၌ စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ  ကျင်းပခဲ့ပြီး   ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု တင်းနစ်အားကစားအဖွဲ့က    အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌   ရွှေတံဆိပ် တစ်ခု ၊ အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲ၌ ရွှေတံဆိပ် တစ်ခု၊အမျိုးသား အသင်းလိုက်ပြိုင်ပွဲ၌ ရွှေတံဆိပ် တစ်ခု၊ အမျိုးသမီး  တစ်ဦးချင်း ပြိုင်ပွဲ၌ ရွှေတံဆိပ် တစ်ခု၊အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၌ ရွှေတံဆိပ် တစ်ခု၊ အမျိုးသမီး အသင်းလိုက် ပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခုနှင့် အမျိုးသားနှင့် အမျိုးသမီး(Mix Team) ပြိုင်ပွဲတွင်   ရွှေတံဆိပ် တစ်ခု စုစုပေါင်း ရွှေတံဆိပ် ခုနစ်ခု၊ အမျိုးသားအကောင်းဆုံးဆု၊ အမျိုးသမီး အကောင်းဆုံးဆု၊ အမျိုးသား  တံခွန်စိုက်ဆုဖလား၊ အမျိုးသမီး တံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားတို့ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 တိုင်းဒေသကြီး(ပြန်/ဆက်)