ဩဂုတ် ၂၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါ ပွဲစဉ် (၂)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အိုဗီအီဒိုအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းက အိုဗီအီဒိုအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်း ပွဲကစားချိန် ၃၇ မိနစ်နဲ့ ၈၃ မိနစ်တို့မှာ တိုက်စစ်မှူး အမ်ဘတ်ပီက သွင်းဂိုးနှစ်ဂိုး၊ သာမန်ပွဲကစားချိန်မိနစ် ၉၀ အပြီး နာကျင်အချိန်ပို သုံးမိနစ်မှာ ဗီနီစီးယပ်စ်ဂျူနီယာကတစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အိုဗီအီဒိုအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုး နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး အမ်ဘတ်ပီဟာ ယခုဘောလုံးရာသီမှာ စပိန်လာလီဂါ ပွဲစဉ်နှစ်ပွဲယှဉ်ပြိုင် ကစားပြီးချိန်မှာ နှစ်ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
တိုက်စစ်မှူး အမ်ဘတ်ပီဟာ စပိန်လာလီဂါပွဲစဉ်(၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အိုဆာဆူနာအသင်းနဲ့ ပွဲစဉ်မှာလည်း သွင်းဂိုးတစ်ဂိုးသွင်းယူ ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
နည်းပြအလွန်ဆိုရဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး ဗီနီစီးယပ်ဂျူနီယာကို ပွဲထွက်ကစားသမားအဖြစ်မှ ချန်လှပ်ကာ အသက် ၁၈ နှစ်အရွယ်ရှိ ဖရန်ကိုမာစတန်တူအိုနိုကို တိုက်စစ်ပိုင်းအတွက် စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ အိုဗီအီဒိုအသင်းကို အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါပွဲစဉ်နှစ်ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ဘာစီလိုနာအသင်း၊ ဗီလာရီးယဲလ်အသင်းတို့နဲ့အတူ ရမှတ် ခြောက်မှတ်ရရှိခဲ့ပြီး လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။
အခြားသော စပိန်လာလီဂါပွဲစဉ်တွေမှာတော့ ဗီလာရီးယဲလ်အသင်းက ဂျီရိုနာအသင်းကို ငါးဂိုးပြတ် ဖြင့် အနိုင်ရရှိခဲ့ပြီး ရီးယဲလ်ဆိုစီဒက်အသင်းနဲ့ အက်စ်ပန်ညိုအသင်းတို့ပွဲစဉ်မှာတော့ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


