ပရီမီယာလိဂ်ပွဲစဉ် (၂) မှ ဩဂုတ် ၂၆ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် နယူးကာဆယ်နှင့် လီဗာပူးအသင်းပွဲစဉ်တွင် ဆယ်ကျော်သက်ကစားသမား ရီယိုငူမိုဟာ၏ နောက်ကျသွင်းဂိုးကြောင့် လီဗာပူးအသင်းက သုံးဂိုး- နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
လီဗာပူးအသင်းသည် ပြိုင်ဘက် နယူးကာဆယ်အသင်း၏ တုံ့ပြန်ကစားပုံ ကောင်းမွန်မှုကြောင့် နိုင်ပွဲရရှိရေး ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသည်။ နယူးကာဆယ်အသင်းသည် ပွဲကစားချိန် ၄၅ မိနစ်တွင် အန်တိုနီဂေါ်ဒွန်ကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသောကြောင့် လက်ကျန်ပွဲကစားချိန်များ ကို တစ်ယောက်လျော့ဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ ပွဲကစားချိန် ပြည့်ခါနီးတွင်အသင်း အတွက် အနိုင်သေချာစေမည့် တတိယဂိုးသွင်းယူပေးနိုင်ခဲ့သော ငူမိုဟာသည် လီဗာပူးအသင်း သမိုင်း တစ်လျှောက်တွင် အသက် ၁၆ နှစ်ဖြင့် အသက်အငယ်ဆုံးဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လီဗာပူးအသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် နှစ်ပွဲကစားပြီး နှစ်ပွဲစလုံး နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ပြိုင်ဘက်နယူးကာဆယ်အသင်းက နှစ်ပွဲကစားပြီးချိန်တွင် နိုင်ပွဲရရှိခြင်းမရှိသေးဘဲ တစ်ပွဲသရေနှင့် တစ်ပွဲရှုံး ရလဒ်ရရှိထားသည်။ ပရီမီယာလိဂ်ပွဲစဉ်(၂) ယှဉ်ပြိုင်ကစားအပြီးတွင် လီဗာပူး၊ စပါးနှင့် အာဆင်နယ် စသည့် အသင်းသုံးသင်းသာ ရာနှုန်းပြည့်နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်သည်။
အောင်ဇော်


