ရိခေါ်ဒါရ် ၁၈ ဖေဖော်ဝါရီ
ချင်းပြည်နယ် ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံ၌ အသုံးပြုရန် ECG (နှလုံးလှုပ်ရှားမှု စစ်ဆေးသည့်စက်)နှင့် Patient Monitor (လူနာအသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းနှင့် သွေးပေါင် အနေအထားကို အချိန်နှင့် တစ်ပြေးညီတိုင်းတာသောစက်)များ ပေးအပ်လှူဒါန်းပွဲကို ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ရိခေါဒါရ်တိုက်နယ် ဆေးရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ရိခေါဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ဆေးရုံအထောက်အကူပြု အဖွဲ့မှ ဆလိုင်းသိန်းဌေးလွင်က စက်ကိရိယာပေးအပ် လှူဒါန်းခြင်းနှင့်ပတ်သက်သော အကြောင်း အရာများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အလှူရှင်များကိုယ်စား အောင်ပန်းမြိုင်(ချူးရင့်)ရောင်းဝယ်ရေး၊ ရိခေါ်ဒါရ်မြို့တာဝန်ခံ ဦးမုန်နိုးက ECG စက်နှင့် Patient Monitor စက်များကို ပေးအပ်လှူဒါန်းပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာစန်းမာက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ရိခေါဒါရ်တိုက်နယ်ဆေးရုံအတွက် အသုံးပြုရန်လှူဒါန်းသော ECG (နှလုံးလှုပ်ရှားမှု စစ်ဆေးသည့်စက်) တစ်လုံးနှင့် Patient Monitor (လူနာအသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းနှင့် သွေးပေါင်အနေအထားကို အချိန်နှင့်တစ်ပြေးညီ တိုင်းတာသောစက်) တစ်လုံး လှူဒါန်းမှုတန်ဖိုးငွေ ကျပ် ၂၅၇၄၀ဝ၀ တန်ဖိုးရှိကြောင်း၊ အလှူရှင်များမှ တိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသခံယူနေသော လူနာများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရိခေါဒါရ်တိုက်နယ် ဆေးရုံသည် လက်ရှိအခြေအနေ၌ (၁၆)ကုတင်ဆံ့ ဆေးရုံတစ်ခုဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များ၊ အနီးအနား ကျေးရွာများမှ အားကိုးအားထားရသည့် ဆေးရုံတစ်ခုဖြစ်၍ ယခု ECG စက်နှင့် Patient Monitor စက်များလှူဒါန်းပေးမှုအပေါ် ပြည်သူများ အားရကျေနပ် ဝမ်းမြောက်ကြပါကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ မြို့စည်ပင်သာယာရေး ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း ရိခေါဒါရ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


