ဂျူဗင်တပ်အသင်းဟာ အီတလီစီးရီးအေပွဲစဉ်(၁၆)အဖြစ် ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ရိုးမားအသင်းကို အနိုင်ရပြီး စီးရီးအေအမှတ်ပေးဇယား အဆင့်(၄) စာရင်းဝင်ရန် နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ရိုးမားအသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၄၄ မိနစ်မှာ ကွန်ဆီကောင်က တစ်ဂိုး၊ ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၇၀ မှာ အိုပင်ဒါက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဝေးကွင်းကို လာရောက်ကစားခဲ့ရတဲ့ရိုးမားအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ဒုတိယပိုင်းပွဲကစားချိန် ၇၅မိနစ်မှာ ဘယ်လ်ဒန်ဇီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ကွန်ဆီကောင်ဟာ ယခုဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်းနဲ့အတူ အီတလီစီးရီးအေပွဲစဉ် ၁၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ရိုးမားအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အီတလီစီးရီးအေပွဲစဉ်(၁၆)အပြီးမှာ ရမှတ် ၂၉ မှတ် စုဆောင်းနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့်(၅) နေရာမှာ ရပ်တည်နေတာ ဖြစ်ပြီး ရိုးမားအသင်းကတော့ ဂျူဗင်တပ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယား အဆင့်(၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ဂျူဗင်တပ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် လက်ရှိစီးရီးအေပြိုင်ပွဲမှာ ပေးဂိုးရှစ်ဂိုးသာ ပေးထားရသေးတာကြောင့် နောက်တန်းအကောင်းဆုံးအသင်းအဖြစ် စံချိန်တင်ထားတာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ လာမယ့်အီတလီစီးရီးအေပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၇ ရက် မှာ ပီဆာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ရိုးမားအသင်းကတော့ ဒီဇင်ဘာ ၂၉ ရက်မှာ ဂျီနိုအာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

ငွေကြယ်