ကျွန်းစဉ်မြေ စောခက် (ရိုးမအလင်္ကာ)
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ပထမပတ်လောက်က ထင်ပါသည်။ ဦးထွန်းကြိုင် (လယ်/ပြ) (အ.ထ.က သရက်တောင် မြေပုံမြို့နယ်) ထံမှ ဖုန်းဝင်လာသည်။ သရက်တောင်ရွာတွင် ပထမအကြိမ် ရွာလုံးကျွတ် “မြတ်ဆရာပူဇော်ပွဲ” ကိုကျင်းပမည်ဖြစ်ကြောင်း၊ သရက်တောင်ရွာရှိ အ.ထ.ကနှင့် အ.မ.က သရက်တောင်(မြောက်)တို့၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အသက် ၆၀ နှင့်အထက် ဆရာ ဆရာမများကို ဖိတ်ကြားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်မဘက်သို့ ရောက်ရှိနေကြသော ဆရာ ဆရာမများ၏ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာတို့ကို သိလိုကြောင်းဖြင့် လေးလေးစားစား ပြောဆိုအကူအညီတောင်းခံလာပါသည်။
ချစ်တပည့် မောင်ထွန်းကြိုင်၏ မေတ္တာရပ်ခံချက်သည် စာရေးသူ၏ အသိအိမ် နှလုံးသားအား ခေါင်းလောင်းကောင်းကောင်း ထိုးလိုက်ပေပြီ။ သို့ဖြစ်ပါ၍ သရက်တောင်ရွာတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး ပြည်မဘက်သို့ ရောက်ရှိနေကြသော ဆရာ ဆရာမများကို စာရင်းပြုစုလိုက်ရာ အငြိမ်းစားယူပြီး ဆရာ ဆရာမ ၂၀ တိတိ စာရင်းရရှိသည်။ ဆရာ ဆရာမ အများစုမှာ ရန်ကုန်တွင် နေထိုင်ကြကြောင်း သိရပြီး တစ်ဦးသာ ဖြူးမြို့၌ နေထိုင်ကြောင်း စုံစမ်းသိရှိရသည်။
၃၁-၁၂-၂၀၂၂
စာရေးသူ နံနက်အိပ်ရာမှထ ဘုရားရှိခိုးအပြီး အိမ်အောက်ထပ်သို့ ဆင်းလာရာ အမျိုးသမီးသည် မြေပုံမြို့နယ် သရက်တောင်ရွာ မြတ်ဆရာပူဇော်ပွဲသို့ ကန်တော့ခံသွားကြမည့် ဆရာ ဆရာမများကို ဧည့်ခံစကားပြောနေပေပြီ။ တောင်ဥက္ကလာပမြို့နယ်ရှိ ကျွန်တော့်အိမ်ကို စုရပ်အဖြစ် သတ်မှတ်ထား၍ ဆရာ ဆရာမများ ရောက်ရှိနေကြခြင်းပင်ဖြစ်သည်။ စာရေးသူတို့ ၇ နာရီတိတိတွင် စတင်ထွက်ခွာခဲ့ကြသည်။ ကားတစ်စီးကို မောင်သိန်းမြင့်လှိုင် (ကျောင်းသားဟောင်း)က မောင်းနှင်ပြီး ဦးရွှေတင်အောင် (မာန်အောင်)၊ ဒေါ်စောတင် (မာန်အောင်)၊ ဦးတင်ဖေ (မြေပုံ)နှင့် မောင်ဖြူသီး (မင်းဆက်သက်ခိုင်) (ကျောင်းသားဟောင်း)တို့က လိုက်ပါကြ သည်။ ဦးသန်းဖေ(မြေပုံ)သည် သူ့ကားကို သူကိုယ်တိုင်မောင်းပြီး ဒေါ်အေးလှိုင်ဦး (ကျောက်ဖြူ)၊ ဒေါ်ခင်နု(ရန်ကုန်)၊ ဒေါ်နုနုစံ(ကျောက်ဖြူ)နှင့် စာရေးသူ(မြေပုံ)တို့က လိုက်ပါကြသည်။ ကားနှစ်စီးသည် ရန်ကုန် - ပြည် လမ်းမကြီးအတိုင်း မောင်းထွက်လာကြသည်။
နံနက် ၁၁ နာရီခွဲမှာတော့ ပြည်မြို့ တစ်ဖက်ကမ်း ဧရာဝတီမြစ်ကမ်းနံဘေးက ပန်းတောင်းမြို့နယ်ရှိ ဆင်တဲသို့ ရောက်ခဲ့ကြပါလေပြီ။ ဦးအေးခင်နှင့် ဦးကျော်မြင့် ညီအစ်ကိုတို့ အသင့်ကြိုနေကြသည်။ ဦးအေးခင်နှင့် ဦးကျော်မြင့်တို့မှာ သရက်တောင်ရွာ ကျောင်းသားဟောင်းများ ဖြစ်ကြခြင်းကြောင့် သရက်တောင် မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်သည့် သဘောဖြင့် စာရေးသူတို့အဖွဲ့ ကန်တော့ခံ ၁၀ ဦးကို နံနက်စာ တည်ခင်းရန် စောင့်ကြိုနေကြခြင်းဖြစ်သည်။
နံနက်စာ ထမင်းစားပြီး သူတို့ညီအစ်ကို မိသားစုကို နှုတ်ဆက်ကာ ရခိုင်ကျွန်းစဉ်နယ်သို့ ခရီးဆက်ခဲ့ကြပေတော့သည်။ ညနေ ၆ နာရီမှာတော့ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပဒါန်းသို့ ရောက်ရှိခဲ့ကြပြီး သဇင်တည်းခိုခန်းတွင် တည်းခိုလိုက်ကြသည်။
၁-၁-၂၀၂၃
နံနက် ၆ နာရီတွင် အိပ်ရာထကြပြီး အကုန်လုံး တည်းခိုခန်းအောက်သို့ ရောက်လာကြသည်။ မကွေးတိုင်းဒေသကြီး အထက်ပိုင်းသည် အညာဒေသဖြစ်၍ ဇန်နဝါရီဆောင်းရက်၏ ဟေမန္တ အအေးဓာတ်ကို အပြင်းအထန် ခံနေရရာ ခိုက်ခိုက်တုန် ချမ်းအေးလှသည်။ ကားနှစ်စီးသည် နံနက် ၇ နာရီ နှင်းထုကွဲချိန်လောက်တွင် ရိုးမပေါ် လှမ်းတက်ခဲ့ကြလေပြီ။ လမ်းအကွေ့တွေအရောက် ကားအလှည့်မှာတော့ ရင်ထဲအေးခနဲ ဖြစ်သွားရာ ဆရာမတွေဆီက ဘုရားတသံမှအပ အခြားအသံများ မကြားရတော့ချေ။
ရိုးမတောင်တန်းကြီး ကားလမ်းတစ်လျှောက်တွင် အ.မ.က ကျောင်းအချို့ကို တွေ့မြင်ရရာ စာရေးသူ ဝမ်းသာဝမ်းနည်းခံစားမိပါသည်။ ဝမ်းသာမိသည်မှာ ဤမျှ လူသူမနီးသည့် ရိုးမတောင်တန်းတွေပေါ်မှာ တဲအိမ်ကလေးတွေ ဖြစ်သလို တည်ဆောက်ပြီး ကျိုးတိုးကျဲတဲ နေထိုင်ကြသည့် ဘဝသမားတို့၏ သားသမီးများအတွက် စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးထားသည်ကို တွေ့ရသည့်အတွက် ဆရာစိတ်နဲ့ ရင်ထဲကျေနပ်ခဲ့ရပေသည်။ ရိုးမပေါ်က စာသင်ကျောင်းတွေမှာ တာဝန်ကျနေကြသော ဆရာ ဆရာမများမှာ မြို့နှင့်ကွာ ရွာနှင့်ဝေးသောနေရာများ၌ တာဝန်ကျထမ်းဆောင်နေကြသော်လည်း တပည့်နှင့်ဆရာ မေတ္တာသက်ဝင် သံယောဇဉ်တွယ်ပြီး တပည့်ချစ်သော ဆရာ၊ ဆရာ ချစ်သောတပည့်များ ဖြစ်နိုင်ကြပါစေဟူ၍ ရင်ထဲမေတ္တာ ကုဋေကုဋာဖြင့် ဆုတောင်းနေမိပေတော့သည်။
ရခိုင်ပြည်နယ်ဘက်ခြမ်း ရိုးမတောင်တန်းတစ်လျှောက်တွင် သစ်တောကြီးများထက် ဝါးတောကြီးများ ကြီးစိုးနေပေသည်။ သို့ဖြစ်၍ မျှစ် (ဝါးတုတ်)သည် အမ်းမြို့၏ အဓိကထုတ်ကုန်ဖြစ်နေ လေရော့သလားမသိ။ ပဲပဒုံဂိတ်သည် အမ်းရိုးမ အဆင်းတွင် ပထမဆုံးတွေ့ရသော အမ်းမြို့နယ်ထဲက ကားဂိတ်ပင်ဖြစ်ပေသည်။ အမ်းမြို့နယ် အနောက်ခြမ်းရှိ ရခိုင်ရိုးမ တောင်စဉ်တောင်တန်းများကို ကွေ့လိုက်ပတ်လိုက် တက်လိုက် ဆင်းလိုက်နဲ့ တစ်နာရီခွဲခန့် မောင်းလိုက်လျှင်ပင် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမ၏ ဘယ်ဘက်ခြမ်း တစ်နေရာတွင် “မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ သို့” ဟု ရေးထားသော လမ်းညွှန်ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ကြရသည်။ ယင်းမှ ၁၀ မိနစ်ခန့် မောင်းမိလျှင်ပင် “ရှောက်ခြုံရွာ အမ်းမြို့နယ်” ဟု ရွာထိပ်တွင် ရေးထားသောဆိုင်းဘုတ်ကို တွေ့ကြရပါသည်။ တောင်တန်းကြီးများကြားရှိ ကားလမ်းနံဘေးက ရွာကလေးပင်ဖြစ်သည်။ ဤရှောက်ခြုံရွာသည် အမ်းမြို့နယ်အဆုံးပင်ဖြစ်သည်။ မိနစ် ၂၀ ခန့် မောင်းပြီးချိန်တွင် ရေထိုးတောင်သို့ ရောက်ရှိခဲ့ကြသည်။ ရေထိုးတောင်မှာ မက်စောက်ပြီး တောင်ခြေအောက်တွင် မြေပုံမြို့နယ် ကျောက်ကြီးမြစ်နှင့် အမ်းမြို့နယ် ဒါးလက်ချောင်းဝတို့ကို လှမ်းမြင်နေရ သည်။ ငါးဖမ်းလှေများနှင့် ဒါးလက်ချောင်းသို့ အဝင်အထွက်သွားလာနေကြသော လှေသမ္ဗန်များကို မြင်နေရရာ သဘာဝပန်းချီကားတစ်ချပ်နှယ် ကြည့်ကောင်းလွန်းလှသည်။
စာရေးသူတို့ ကားနှစ်စီးသည် မွန်းလွဲ တစ်နာရီမတ်တင်းတွင် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့သို့ ရောက်ခဲ့ကြပါလေပြီ။ သို့သော် နားခြင်းရပ်ခြင်းမရှိဘဲ ကမ်းထောင်းကြီး - သရက်တောင် ကားလမ်း အတိုင်း ဆက်လက်မောင်းလာခဲ့ကြရာ မွန်းလွဲ တစ်နာရီတိတိတွင် သရက်တောင် (စံပြ)ကျေးရွာသို့ ရောက်ခဲ့ကြပါလေပြီ။ ကားနှစ်စီးသည် ရွာလမ်းတစ်လျှောက် မောင်းလာကြရာ ရွာသူရွာသားများ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် ရွာတောင်ဘက်စွန်းရှိ အ.ထ.က သရက်တောင်သို့ ရောက်ခဲ့ကြပါလေပြီ။ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကြိုဆိုနေကြသည်။
စာရေးသူတို့အဖွဲ့ ရောက်ရှိသွားကြချိန်တွင် ရခိုင်ပြည်နယ်အတွင်းက ရောက်ရှိပြီးဖြစ်သော ကန်တော့ခံ ဆရာ ဆရာမများကို နံနက်စာ ထမင်း၊ ဟင်း ဧည့်ခံကျွေးမွေးပြီးဖြစ်သည်။ စာရေးသူ သတိထားမိသည်မှာ ဧည့်ခံကျွေးမွေးကြသော ဟင်းများတွင် ရေထွက်သတ္တဝါ ငါး၊ ပုစွန်၊ ကဏန်း၊ ဂုံး စသော အစားအစာတို့ဖြင့်သာ ဧည့်ခံကြသည်။ ကျွန်းစဉ်ဒေသသည် ဒီရေရောက် မြစ်ချောင်းများ ပေါသဖြင့် ငါး၊ ပုစွန်၊ ကဏန်း အလျှံပယ်ထွက်သည်။
ညနေပိုင်းတွင် ညနေစာဖြင့်ဧည့်ခံကြရာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများပါ အကုန်လုံး ၃၀၀ ခန့် တက်ရောက်သုံးဆောင်ကြသည်။ ဆက်လက်ပြီး စတိတ်ရှိုးအစီအစဉ်ဖြင့် ဧည့်ခံရာ ကန်တော့ခံ ဆရာကြီး ဆရာမကြီးများ၊ လက်ရှိကျောင်းတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သီဆိုဖျော်ဖြေကြသည်။ ပရိသတ် ၁၀၀၀ ဝန်းကျင်ခန့် တက်ရောက်ကြရာ အထူးစည်ကားလှသည်။
၂-၁-၂၀၂၃
နံနက် ၁၀ နာရီတိတိမှာတော့ မြတ်ဆရာပူဇော်ပွဲ စတော့ပါသည်။ ကန်တော့ခံ ဆရာ ဆရာမများကို စင်မြင့်ပေါ်တွင် အတန်းလိုက်နေရာချထားပြီး တပည့်များက မြေညီတွင် ပုဆစ်ဒူးတုပ်ထိုင်လျက် ကန်တော့ကြသည်။ မြတ်ဆရာသီချင်းကို သာယာနာပျော်ဖွယ် ဖွင့်ထားသည်။ ကျောင်းသူ ကျောင်းသားလေးများက မြန်မာဟန် ကကွက်လေးများဖြင့် ကပြသီဆိုကြသည်မှာ ချစ်စရာအလွန် ကောင်းလှသည်။
ဤသရက်တောင် (စံပြ)ကျေးရွာတွင် ၂၈ နှစ်တိုင်တိုင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့မှု ကြောင့်လည်းကောင်း၊ တက်ရောက်လာကြသော ကန်တော့ခံ ဆရာ ဆရာမများထဲတွင် အသက်အကြီး ဆုံးဖြစ်နေခြင်းကြောင့်လည်းကောင်း စာရေးသူ ဩဝါဒ စကားပြောကြားခွင့်ရရှိခဲ့ပါသည်။ တစ်နယ်တစ်ကျေးက တက်ရောက်လာကြသည့် ဆရာ ဆရာမ များသည်လည်း ရင်တွင်းမုဒိတာစကားများ ပြောကြားကြသည်။
“ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲ သရက်တောင်ရွာ၊ မြေပုံမြို့နယ်”ဟု ရေးထားသော ပညာရေးသင်္ကေတ အဖြူအစိမ်းရောင် အိတ်ကလေးကို ကျောင်းသား ကျောင်းသူဟောင်းများကပဲ ပေးအပ်ကန်တော့ကြသည်။ စာအိတ်ကလေးကို ဖောက်ကြည့် လိုက်သည့်အခါ ငွေသားကျပ် ၁၁၀၀၀ဝ ကို တွေ့ရသည်။ ပူးတွဲပါ အထုပ်ကလေးမှာတော့ မျက်နှာသုတ် ပဝါလေးတစ်ပိုင်းကို တွေ့ရသည်။ မတက်ရောက် နိုင်သူ ဆရာ ဆရာမများအတွက် wave money ဖြင့် ငွေကျပ် ၇၀၀၀ဝ စီ ပို့ပြီးကန်တော့ကြသည်ဟု သိရသည်။ စာရေးသူအနေဖြင့်လည်း မိမိကိုယ်တိုင် ရေးသားထုတ်ဝေထားသော စာအုပ်များကို တက်ရောက်လာသူ ကန်တော့ခံဆရာ ဆရာမများကို စာပေလက်ဆောင်အဖြစ် တစ်အုပ်စီပေးဝေခဲ့ပါသည်။
ကန်တော့ပွဲအပြီးတွင် လာရာလမ်းကြောင်း ခြောက်သွယ်မှ ကန်တော့ခံ ဆရာ ဆရာမများ၊ အုပ်စုအလိုက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ကျောင်းသား ကျောင်းသူများသည် တစ်ဦးချင်း အဖြစ်လည်းကောင်း၊ အုပ်စုဖွဲ့၍ အတန်းလိုက် လည်းကောင်း ဆရာ ဆရာမများနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ယူကြသည်။ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူလေးများ၏ မျက်နှာပေါ်တွင် အားရကျေနပ်မှု ပီတိမျက်ဝန်းများ ဖြာဝေနေကြသည်။ အခမ်းအနားအပြီး နံနက်စာဖြင့် တည်ခင်းဧည့်ခံပြီးချိန်တွင် ကန်တော့ခံ ဆရာကြီး ဆရာမကြီးများအား ဒေသထွက်ကုန် ကောက်ညှင်းဆန်၊ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ပျားရည်တို့ကို အိမ်ပြန်လက်ဆောင်အဖြစ် ပေးအပ်ကြပြီး ရှိခိုးကန်တော့ကြသည်။
ကန်တော့ခံ ဆရာ ဆရာမများအတွက် အံ့ဩစရာအဖြစ်ဆုံးမှာ ရန်ကုန်မှသည် ရခိုင်ကျွန်းစဉ်နယ် သရက်တောင် (စံပြ)ကျေးရွာသို့ မော်တော်ကားဖြင့် တိုက်ရိုက်ရောက်ရှိလာကြခြင်းပင် ဖြစ်ပေသည်။ ယခင်ကဆိုလျှင် အိမ်ပေါ်က အိမ်အောက်သို့ ဆင်းလျှင် ချောင်းကိုတွေ့သည်။ မြစ်ကိုတွေ့သည်။ သို့ဖြစ်၍ မည်သည့်နေရာသို့ပင် သွားလိုသည်ဖြစ်စေ လှေကလေးများဖြင့်သာ လှော်ခတ်သွားလာကြရသည်။ ယခုအခါ ကမ်းထောင်းကြီးမြို့နှင့် သရက် တောင်ရွာကြားရှိ ငါးမိုင်ခန့် အရှည်ရှိသော ဒီရေရောက်တောကြီးကို လမ်းဖောက်ပြီး သရက်တောင်မြစ်ကို တံတားဆောက်လိုက်ခြင်းဖြင့် ကားလမ်းကြောင်း တစ်လမ်းကို ဖောက်လုပ်နိုင်ခဲ့ကြလေပြီ။ မော်တော်ကားလမ်းနှင့်တွဲလျက် မဟာဓာတ်အား လိုင်းလည်း ရရှိလာခဲ့သည်။ ဤသို့ မဟာဓာတ်အား လိုင်းရရှိလာမှုကြောင့် ဘုရား၊ ပုထိုး၊ စေတီကအစ သရက်တောင်တစ်ရွာလုံး မီးထိန်ထိန်လင်းခဲ့ပေပြီ။
ယခင် နှစ်ပေါင်း ၃၀ လောက်ကဆိုလျှင် တစ်ရွာလုံးတွင် ဓနိမိုးဝါးထရံကာ အိမ်တွေများ ကြသည်။ ယခုဆိုလျှင် စာသင်ကျောင်းတွေရော လူနေအိမ်တွေပါ တိုက်တာအဆောက်အအုံတွေ ဖြစ်နေကြပေပြီ။ ပညာရေးကဏ္ဍတွင်လည်း ၂၀၁၆ ခုနှစ်တွင် အခြေခံပညာ အထက်တန်းကျောင်းဖွင့်လှစ်ခဲ့ပြီး ယခုအခါ တက္ကသိုလ်ဝင်တန်းစာစစ်ဌာန ရရှိထားပေပြီ။ ဤသို့ ရပ်ရွာဖွံ့ဖြိုးတိုးတက်လာခြင်း မှာ ဒီရေရောက် သဘာဝမြစ်ချောင်းများမှ ထွက်သောထုတ်ကုန်များကို ခေတ်ဈေးကွက် တွင် ရောင်းဝယ်နိုင်မှုကြောင့်ပင် ဖြစ်ကြသည်။ ထပ်ဆင့်ဆိုရချေသော် ဤကျောင်းတော်ရင်ခွင်ကို ခိုဝင်ပြီးပညာသင်ယူခဲ့ကြသော သရက်တောင် ရွာသား လူသားရင်းမြစ်တို့၏ စွမ်းအားသည်လည်း ရပ်ရွာတိုးတက်မှုအတွက် တွန်းအားဖြစ်စေခဲ့သည်ဟု ဆိုလိုက်ပါရစေ။
သရက်တောင်ရွာသည် အိမ်ခြေတစ်ထောင် ကျော်ရှိပြီး ကျွန်းစဉ်နယ်တွင် အကြီးဆုံးရွာ ဖြစ်နေသည့်အပြင် မော်တော်ကားလမ်းနှင့် လျှပ်စစ်မီးတို့ရရှိလာသည့်အချိန်တွင် မြို့ကလေးတစ်မြို့အသွင် ရုပ်လုံးပေါ်နေခဲ့ပေပြီ။ ကန်တော့ခံ ဆရာ ဆရာမများမှာ သူတို့တာဝန်ထမ်းဆောင်ခဲ့စဉ်က အခြေအနေနှင့် ယခုအခြေအနေကို နှိုင်းယှဉ်ပြီး အံ့ဩခြင်းနှင့်အတူ ဝမ်းသာမဆုံး ဖြစ်ကြရသည်။
မြတ်ဆရာပူဇော်ပွဲကျင်းပရာတွင်လည်း ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများသာမက တစ်ရွာလုံး ပူးပေါင်းပါဝင်လုပ်ဆောင်ကြသဖြင့် “ရွာလုံးကျွတ် မြတ်ဆရာပူဇော်ပွဲ”ဟူ၍ ပင်ခေါ်ဆို လောက်ပေသည်။
၃-၁-၂၀၂၃
စာရေးသူတို့အဖွဲ့သည် အပြန်တွင် ဂွ - ငါးသိုင်း ချောင်းလမ်းအတိုင်းပြန်ကြရန် ဆုံးဖြတ်ကြသည်။ ကိုယ်မရောက်ဖူးသေးသော ဒေသသစ်ကို ရောက်ဖူးလိုသည့်အပြင် အတွေ့အကြုံ ဗဟုသုတသစ်များကိုလည်း ရလိုသည့်စေတနာဆန္ဒလည်း ပါကြသည်။ ရခိုင်ရိုးမနှင့် ဘင်္ဂလားပင်လယ်ကြား ကမ်းရိုးတန်းတစ်လျှောက် ကားလမ်းပေါက်နေပေပြီဖြစ်၍ ပိုပြီးအဆင်ပြေသည်။
စာရေးသူတို့ ရန်ကုန်အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် ကျွန်းစဉ်နယ် သရက်တောင်ရွာမှ စတင် ထွက်ခွာလာခဲ့ကြသည်။ အမ်းမြို့သို့ နံနက် ၈ နာရီတွင် ရောက်ရှိကြသည်။ ရိုးမတောင်ခြေ လမ်းတစ်လျှောက် ဆက်မောင်းလာခဲ့ကြရာ မွန်းတည့် ၁၂ နာရီတွင် တောင်ကုတ်မြို့သို့ ရောက်ရှိကြသည်။ တောင်ကုတ်မြို့ စာပေအင်အားစုက အသင့်စောင့်ကြိုနေသဖြင့် တွေ့ဆုံပွဲလေး ခဏလုပ်သည်။ နေ့လယ်စာထမင်းကို တောင်ကုတ်မှာပဲ စားသောက်ကြပြီး ခရီးဆက်ခဲ့ကြသည်။ နေဝင်ရီ တရောအချိန်တွင် သံတွဲမြို့သို့ရောက်ရှိကြပြီး ဆရာမောင်မြထွေး(ပင်လယ်) (ရွှေချိုအောင်ငပလီ)က အသင့်ကြိုနေသည်။ Kyaw (Myanmar) ဟိုတယ်တွင် တည်းခိုကြသည်။ ဦးတင်ထွန်း (ထက်/အုပ်-ငြိမ်း) ဇနီး ဒေါ်ခင်မိုးရီတို့ ထမင်းဟင်းချက်ပြီး ကြိုနေသဖြင့် ညနေစာကို ငပလီမှာပဲ သုံးဆောင် ဖြစ်ကြသည်။ ဦးတင်ထွန်းမှာ သရက်တောင်ရွာတွင် (ထက်/ပြ) တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါ်ခင်စန်းရီမှာ သရက်တောင်ရွာသူ ကျောင်းသားဟောင်းပင် ဖြစ်သည်။ ဦးတင်ထွန်းမှာ သရက်တောင်ရွာ ကန်တော့ခံပင်ဖြစ်သည်။
၄-၁-၂၀၂၃
နံနက် ၆ နာရီတွင် အိပ်ရာမှထကြပြီး မဇင်းရွာသို့ သွားကာ နာမည်ကြီး ငပလီကောက်ညှင်းထုပ်များကို အိမ်ပြန်လက်ဆောင်ဝယ်ခဲ့ကြသည်။ သံတွဲမြို့မှ ဆက်လက်ထွက်ခွာလာရာ ဂွမြို့နယ် ကျိန္တလီမြို့သို့ အရောက်တွင် ဦးတင်အောင်မြင့် (လက်ထောက် မြို့နယ်ပညာရေးမှူး-ငြိမ်း) ဇနီး ဒေါ်ခင်လေးမူ (ထက်/အုပ်-ငြိမ်း)တို့က ရခိုင်မုန့်တီချက်ပြီး ကြိုနေကြသည်။ (ဦးတင်အောင်မြင့်မှာ သရက်တောင်ရွာ ကန်တော့ခံပင်ဖြစ်သည်။)
၄-၁-၂၀၂၃ ရက် ည ၈ နာရီတိတိတွင် စာရေးသူတို့အဖွဲ့ ရန်ကုန်မြို့ကြီးသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အသွားအပြန် ငါးရက်တိတိ ကြာမြင့်ခဲ့ပါသည်။ အောင်မြင်ခြင်းနှင့်အတူ ကျန်းကျန်းမာမာ ပြန်လာကြသည့် ကန်တော့ခံ ဆရာ ဆရာမများကိုလည်း အိမ်အရောက် ပို့ပေးလိုက်ကြသည်။
သရက်တောင်ရွာ မြတ်ဆရာပူဇော်ပွဲကြီး အောင်မြင်ချောမောစွာ ပြီးမြောက်ခဲ့ကြသဖြင့် “အဟောသုခံ အဟောသုခံ အဟောသုခံ”ဟူ၍ မုဒိတာပွားလိုက်ရပါသည်။
ကျန်းမာချမ်းသာကြပါစေ။ ။


