စစ်တွေ ၂၅ ဖေဖော်ဝါရီ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်(၄၃)ကို ဖော်ဆောင်မည့် ကဏ္ဍပေါင်းစုံ ပါဝင်သော ပြည်နယ် အာဟာရ ဖွံ့ဖြိုးရေး စီမံကိန်း ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ အာရီယန်စားသောက်ဆိုင် ခန်းမ၌ ကျင်းပသည်။
အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် လူ့အဖွဲ့အစည်း တစ်ရပ် တည်ဆောက်ဖို့အတွက် အာဟာရသည် အရေးကြီးသည့် အခြေခံ အုတ်မြစ်ဖြစ်ကြောင်း၊ ကျန်းမာရေးသည် အရေးကြီးပါကြောင်း၊ ကျန်းမာရေးဆိုသည့်နေရာတွင် အာဟာရ ပြည့်ဝသည့် လူမျိုးများ ဖြစ်ရန်လိုကြောင်း၊ လူမျိုးတစ်မျိုးသည် အာဟာရပြည့်ဝမှ တခြားလူမျိုးများနှင့် ယှဉ်နိုင်ပြီး နိုင်ငံတကာမှာ ယဉ်ပေါင်တန်းနိုင်မှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် စားနပ်ရိက္ခာပြည့်စုံသည့် ပြည်နယ်တစ်ခု ဖြစ်သော်လည်း မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု လေ့လာရေးစစ်တမ်း ကနဦးရလဒ် ထုတ်ပြန်ချက်အရ အိုင်အိုဒင်း ချို့တဲ့မှုနှင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်ပွားမှုနှုန်းများသည် တစ်နိုင်ငံလုံးတွင် အမြင့်မား ဆုံး ဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် အနေဖြင့် ဘက်စုံပြည့်ဝသည့် ကဏ္ဍပေါင်းစုံပါဝင်သော အာဟာဖွံ့ဖြိုးရေး စီမံချက်တစ်ခု မဖြစ်မနေ လိုအပ်လာပါကြောင်း၊ ယခု ကျင်းပသည့် ဆွေးနွေးပွဲသည် အရေးအကြီးဆုံးဟု မြင်ပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အကြံပြုချက်(၄၃)မှာလည်း အစိုးရ အနေဖြင့် အာဟာရချို့တဲ့မှု ပြဿနာကို ဖြေရှင်းသွားနိုင်ရန် တပြည်နယ်လုံးအတွက် ဘက်စုံပြည့်စုံသော စီမံချက် တစ်ခုကို ဖော်ဆောင် သွားသင်ပါတယ် ဟုပါရှိပါကြောင်း၊ ယခုဆွေးနွေးပွဲသည် ၎င်းအကြံပြုချက်ကို အကောင်အထည် ဖော်ပြီးသား ဖြစ်မည်ဟု မြင်ပါကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးပွဲမှ အတွေ့အကြုံများ၊ ရလဒ်များ၊ အကြုံချက်များကို အခြေခံပြီး ရခိုင်ပြည်နယ်အတွက် အာဟာရ ဖွံ့ဖြိုးရေး စီမံကိန်းကို ကဏ္ဍပေါင်းစုံက ပါဝင်ညှိနှိုင်း ဆွေးနွေးကာ ပြည်နယ်၏ အနာဂတ်ကောင်းမွန်ရန်ရည်မှန်း၍ အာဟာရနှင့် သက်ဆိုင်သော လိုအပ်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် လက်တွဲဆောင်ရွက် သွားကြရန် ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဦးဆောင်ပြီး နှီးနွယ် ဆက်စပ်နေသည့် ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး နှစ်ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်(၄၃)မှာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အာဟာရ ဖွံ့ဖြိုးမှုတွေကို ရရှိနိုင်ဖို့အတွက် ဘက်စုံပါဝင်တဲ့၊ ပြီးပြည့်စုံတဲ့ စီမံကိန်း တစ်ခုနဲ့ ဆောင်ရွက်သွားရမယ်လို့ပါ ပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့နှစ်က လုပ်ခဲ့တဲ့ အာဟာရစစ်တမ်းမှာ အာဟာရ ဖွံ့ဖြိုးမှုတွေဆောင်ရွက်ဖို့ အလိုအပ်ဆုံးတိုင်းနဲ့ပြည်နယ်ထဲမှာ ရခိုင်ပြည်နယ် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း တစ်နိုင်ငံလုံးမှာ အာဟာရဖွံ့ဖြိုးမှု လုပ်ငန်းဆောင်ရွက်ဖို့ အတွက် လမ်းညွှန်ထားတာရှိပါတယ်။ ဒါကြောင့်ကျွန်တော်တို့ အနေနဲ့ ရခိုင်ပြည်နယ်မှာ အားလုံး ပါဝင်တဲ့ ဘက်ပေါင်းစုံပါဝင်တဲ့ အာဟာရစီမံကိန်းတစ်ခုရဖို့အတွက် ဒီနေ့ဆွေးနွေးပွဲကို ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေ၊ အထောက်အကူပြု အဖွဲ့အစည်းတွေ၊ ပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အာဟာရဆိုတဲ့အရာဟာ အလွန်ကျယ်ပြန့်ပါတယ်၊ ကျွန်တော်တို့ လူတွေဟာနေ့တိုင်း နေ့တိုင်း အစားအစာကို စားသုံးနေရပါတယ်။ စားသုံးတဲ့အခါမှာ အစားအစာဖူလုံဖို့၊ အစားအစာတွေဟာ အာဟာရပြည့်ဝဖို့၊ ဘေးအန္တရယ် ကင်းရှင်းဖို့၊ လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ဝဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် ဒီနေ့ ဆွေးနွေးပွဲမှာ ကျန်းမာရေးဌာနအပြင် နှီးနွယ်တဲ့ဌာနတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ လူမှုဝန်ထမ်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန စတဲ့ဌာနတွေပါဝင် ဆွေးနွေးကြမှာဖြစ် ပါတယ်။ ဒါအပြင် ပြည်တွင်း အဖွဲ့အစည်းတွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဒါတွေကို ကူညီနိုင်ဖို့အတွက် ပညာရှင်တွေကိုလည်း ခေါ်ယူထားပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာ လတ်တလော ဦးစားပေးအနေနဲ့ ဘာတွေဆောင်ရွက်ဖို့လိုသလဲထိ ရလဒ်တွေကိုရရှိအောင် ဆွေးနွေး သွားဖို့ရှိပါတယ်။ ဒါအပြင် အလယ်အလတ် ၅ နှစ်တာစီမံကိန်းကိုလည်း ရရှိအောင် ဆွေးနွေး သွားမှာဖြစ်ပြီးတော့ ရေရှည်မျှော်မှန်းချက်တွေဖြစ်တဲ့ အာဟာရပြည့်ဝပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင်ပြည်နယ်ကြီးဖြစ်ပေါ်လာဖို့အတွက် စီမံကိန်းရရှိအောင် ဆောင်ရွက်သွား ဖို့ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲဟာ ရခိုင်ပြည်နယ်မှာ ပထမဆုံးပြုလုပ်တာဖြစ်ပြီးတော့ အဖွဲ့ပေါင်းစုံနဲ့ ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေလည်းပါဝင်ပါတယ်။ ဒီကရရှိလာတဲ့ ရလဒ်တွေ၊ စီမံကိန်းတွေနဲ့ အကောင် အထည်ဖော်လိုက်မယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်ဟာ အာဟာဖွံ့ဖြိုးတဲ့ပြည်နယ်ကြီး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါအပြင် မြန်မာတစ်နိုင်ငံလုံးမှာ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်တဲ့ အတွက် အကြောင့် ဒီဆွေးနွေးပွဲက ရလာတဲ့အတွေ့အကြုံတွေကို တခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေကို ဝေငှပြီးတော့ သူတို့မှာလည်း အလားတူ စီမံကိန်းတွေ ရေးဆွဲနိုင်ဖို့ အထောက်အကူ ပြုနိုင်မှာဖြစ်တယ်” ဟုပြောသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အာဟာရဌာန(ဗဟို)မှ ဒုတိယညွှန်ကြားရေးမှူးနှင့် အာဟာရကျွမ်းကျင်ပညာရှင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ ကျန်းမာရေးဦးစီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်း များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက်ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


