သံတွဲ ၂၃ ဖေဖော်ဝါရီ 


ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတွင် ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု ပြပွဲသို့ လာရောက်သည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များသည် ယနေ့ နံနက်ပိုင်းက သံတွဲမြို့နယ်၊ ငပလီကမ်းခြေနှင့် ဂွမြို့နယ် အနီးတဝိုက်ရှိ ကမ်းခြေအသစ် ဖော်ဆောင်နေသည့်နေရာများ၊ ရေလုပ်ငန်းနှင့် အအေးခန်းစက်ရုံများသို့ လေ့လာရေး ခရီးစဉ်အဖြစ် သွားရောက်ကြသည်။ 


'' ရေလုပ်ငန်းစိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေက ငါး၊ ပုစွန်၊ အအေးခန်းစက်ရုံနဲ့  တံငါရွာတွေကို သွားတယ်။ ခရီးသွားလုပ်ငန်း စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေက ကမ်းခြေသစ်တွေကို အဖွဲ့ခွဲပြီး သွားရောက် လေ့လာကြတာဖြစ်ပါတယ်'' ဟု လေ့လာရေး ခရီးစဉ်အဖွဲ့မှ ကိုဉာဏစိုးက ပြောသည်။
 

ယနေ့ သွားရောက်သည့် လေ့လာရေးခရီးစဉ်တွင် သံတွဲမြို့နယ်အတွင်းရှိ ပုစွန် အအေးခန်းစက်ရုံနှင့် တံငါရွာ၊ ဂွမြို့နယ်အတွင်းရှိ ပုစွန်သားဖောက်လုပ်ငန်းသို့လည်းကောင်း၊ မောင်ရွှေလေးနှင့် မော်ရုံကမ်းခြေရှိ နေရာများ၊ ကမ်းသာယာကမ်းခြေ အပါအဝင် ကမ်းခြေသစ်ဖော်ဆောင်မည့် နေရာများသို့လည်းကောင်း ဟိုတယ်ဇုန်စီမံကိန်းများသို့ လည်းကောင်း သွားရောက်လေ့လာကြသည်။

 

123


လေ့လာရေးခရီးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ထူးမင်းသိမ်းက ''ရခိုင်ပြည်နယ်မှာရှိတဲ့ ရင်းနှီးမြုပ်နှံမှု အလားလာရှိတဲ့၊ လုပ်ငန်းဆောင်ရွက်လို့ ရနိုင်တဲ့နေရာတွေကို မျက်မြင်ကိုယ့်တွေ့တွေ့ပြီး ဒီမှာလာရောက် လုပ်ငန်းဆောင်ရွက်ဖို့ကို လုပ်ငန်းရှင်တွေအနေနဲ့  ဆုံးဖြတ်ချက်တွေချနိုင်မယ်။ ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်နိုင်မယ့် နေရာတွေကို စဉ်းစားဆုံးဖြတ်လို့ ရနိုင်မယ်။ နောက်ပြီး စက်ရုံတွေနဲ့ ချိတ်ဆက်ပြီးတော့ အဆင့်မြှင့်တင်ပြီး ဆက်လုပ်ချင်တာပဲဖြစ်ဖြစ်သူတို့ ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်'' ဟုပြောသည်။ 


လက်ရှိ ရခိုင်ပြည်နယ်အတွင်း စင်ကာပူ၊ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့မှ အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိပြီး စွမ်းအင်ကဏ္ဍတွင် အများဆုံးဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများက အများဆုံးဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


အဆိုပါ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ရခိုင်ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များအား အလားအလာရှိသည့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ ဂျပန်ပြည်ပ ကုန်သွယ်မှု အဖွဲ့အစည်း (JETRO)၊ Myanmar Survey Research Co., Ltd. (MSR)နှင့် ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီများ၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  
 

(သတင်း-သီသီမင်း၊ မင်းသစ်/ ဓာတ်ပုံ- သန့်ဇင်၊ ခိုင်မိုးမင်း (ပြန်/ဆက်) 

 

123