ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

စစ်တွေ ၁၂  မေ 

 

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် တက်ရောက်၍  ထောက်ပံ့ပေးအပ်သည်။

 

အခမ်းအနားသို့ ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသည့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုက်ပွဲရှောင်စုရပ်များမှ ကိုယ်စားလှယ်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့် ပတ်သက်သည့် အချက်အလက်များကိုရယူပြီး အဆိုပါ ပဋိပက္ခများကို ဖြေလျော့ပေးနိုင်ရန်နှင့် တည်ငြိမ်အောင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ရေတိုတွင် မည်သို့ဆောင်ရွက် သင့်သည်၊  ရေရှည်တွင်မည်သို့ ဆောင်ရွက်ရမည် စသည့်အချက်အလက်များကို ပြည် ထောင်စုအစိုးရထံ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပထမအကြိမ်လာ ရောက် ခဲ့သည့် ခရီးစဉ် အတွင်း သံဃာတော်များ၏ သြဝါဒကိုခံယူပြီး အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများ၏ ဆွေးနွေးတင်ပြချက်များသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများအတွက် ဖြေရှင်းရန်ကောင်းမွန်သည့် အချက်အလက်များဖြစ်သည့်အတွက် ကြားဖြတ်အစီရင်ခံစာကို ရေးသားတင်ပြခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ပါကြောင်း၊ အထူးသဖြင့် တိုက်ပွဲရှောင်များနှင့်ပတ်သက်၍ မိုးမကျမီ အမိုးအကာအောက်ရောက်ရှိရေး တင်ပြခဲ့ရာ စခန်းများတွင် အဆောက်အဦ များ အမြန်ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊   တိုက်ပွဲရှောင်ပြည်သူများအတွက် စားသောက်ရေးကို ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

 


ပဋိပက္ခဖြစ်ပွားမှုများကို မည်သည့်နည်းဖြင့် ပြေလျော့စေမည်၊  မည်သည့်နည်းဖြင့် ပြေငြိမ်းအောင်ဆောင်ရွက်နိုင်မည် စသည်တို့ကို အကြံပြုတင်ပြ ဆွေးနွေး နိုင်မည်ဆိုပါက နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရ၊ ကော်မတီနှင့် ဒေသနေပြည်သူများ အတွက် များစွာ အကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း၊ တင်ပြဆွေးနွေးကြရာတွင် အချက်အလက်များဖြင့်တင်ပြ ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သည့် စေတနာမေတ္တာများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်မည်ဆိုပါက ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုက်ပွဲရှောင်စုရပ်များမှ ကိုယ်စားလှယ်များက ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများနှင့် စပ်လျဉ်း သည့် သဘောထားအမြင်များကို ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက် အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် က တိုက်ပွဲရှောင် စုရပ်များမှ ကိုယ်စားလှယ်များအား တစ်လစာ ဆန်ရိက္ခာအတွက် ထောက်ပံ့ငွေများ ပေးအပ် သည်။

 

ယင်းနောက် ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအေးသာအောင် က အကြံပြု ဆွေးနွေးတင်ပြကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ထောက်ပံ့ငွေများ နှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုရှိရမည်ဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်စခန်းများ တည်ဆောက် ရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပွင့်လင်းစွာ ကြေညာ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ချက်ချင်းဆောင်ရွက်ပေး ရမည်များရှိသကဲ့သို့ တင်ပြဆောင်ရွက်ရမည်များလည်း ရှိပါကြောင်း၊ ထပ်မံဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက် အကူပြုအဖွဲ့အား ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ယနေ့ ကျင်းပသည့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားတွင် ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်တို့မှ တိုက်ပွဲရှောင်အိမ်ထောင်စု  ၇၂၅၇  စု၊ လူဦးရေ  ၂၉၈၃၉ အတွက် တစ်လစာ ရိက္ခာဆန်ထောက်ပံ့ငွေ   ၂၆၈၅ ဒသမ ၅၁ သိန်း  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် အဖွဲ့သည် မြန်မာအမျိုးသားလေကြောင်းဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာရာ ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

(သတင်းစဉ်)

 

DSC_04