စစ်တွေ ၂၇ ဖေဖော်ဝါရီ
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေအတွက် ရေတွင်း၊ ရေကန်များကိုသာ အဓိကအားထား အသုံးပြုလျက်ရှိရာ ယခုနှစ်နွေ ရာသီကာလအတွင်း အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ဖြစ်ပွားပြီး သောက်သုံးရေရှားပါးမှု ဖြစ်စဉ်များပေါ်ပေါက်လာပါက ကူညီပေးနိုင်ရန် ရေသန့်စင်ကားနှင့် ရွှေ့ပြောင်းရေသန့်စင်စက်များ စီစဉ်ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
နွေရာသီကာလအတွင်း ပူပြင်းခြောက်သွေ့မှုကြောင့် ရေတွင်း၊ ရေကန်များ ခန်းခြောက်၍ ရေနည်းပါးပြီးရေများ နောက်ကျိလာပါက သောက်သုံးရေအတွက် ရေသန့်များ ထုတ်လုပ်နိုင်ရန် ရေသန့်စင်ကားတစ်စီးကို မော်တော်ယာဉ်သွားလာ၍ ရနိုင်သည့်ဒေသများအထိ သွားရောက်ပြီး ရေသန့်ထုတ်လုပ်ဖြန့်ဝေပေးနိုင်ရန် အဆင်သင့်စီမံထားကြောင်း၊ ထို့ပြင် ရေသန့်စင်ကား မသွားရောက်နိုင်သည့် မြို့နယ်/ကျေးရွာများတွင် ရွှေ့ပြောင်းရေသန့်စင်စက်များဖြင့် ရေသန့်ထုတ်လုပ် ဖြန့်ဝေပေးနိုင်ရန် တစ်မြို့နယ်လျှင် ရေသန့်စက်တစ်လုံးကျစီ အဆင်သင့်စီမံထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ယခုနှစ်နွေရာသီကာလတွင် အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာပါက ကျေးရွာ ၇၂ ရွာခန့် ရေရှားပါးမှုဖြစ်စဉ်နှင့် ကြုံတွေ့ရနိုင်ကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စစ်တမ်းများအရ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ယခုနှစ်နွေရာသီကာလတွင် အယ်လ်နီညိုရာသီဥတုဖြစ် ပေါ်လာပါက ကျေးရွာ (၄၄) ရွာခန့် ရေရှားပါးမှုဖြစ်စဉ်နှင့် ကြုံတွေ့ရနိုင်ကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စစ်တမ်းများအရသိရသည်။ အဆိုပါကျေးရွာများ ရေရှားပါးမှုဖြစ်ပေါ်လာပါက အနီးဆုံးနေရာမှရေကို လိုအပ်သည့်နေရာသို့ ပို့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။
ထို့ပြင် မြို့နယ် ၁၂ မြို့နယ်ရှိ ကျေးရွာ ၄၃ ရွာတွင် လုပ်ငန်းပေါင်း ၆၀ ကို ပြည်ထောင်စုဖြည့်စွက်ရန်ပုံငွေတွင် ဆောင်ရွက်ပေးနိုင်ရန် တင်ပြတောင်းခံထားကြောင်း၊ ထို့အတူ ရခိုင်ပြည်နယ်အစိုးရ ဖြည့်စွက်ရန်ပုံငွေဖြင့် မြို့နယ် ၁၄ မြို့နယ်ရှိ ကျေးရွာ ၅၉ ရွာတွင် လုပ်ငန်းပေါင်း ၅၉ ခုကို ဆောင်ရွက်ပေးနိုင်ရေး လျာထားပြီး ဆည်များမှ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းများကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သတင်းနှင့် ဓာတ်ပုံ-ဟန်လင်းနိုင်၊ ရာမည


