နေပြည်တော် ၂၇ ဖေဖော်ဝါရီ 

 


ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ SINOTRUK HOWO မော်တော်ယာဉ်အစီး(၂၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက အစဉ်တစိုက် အားပေးထောက်ခံလျက်ရှိပါကြောင်း၊  ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များအတွက်  ကူညီမှုတစ်ရပ်အနေဖြင့် မော်တော်ယာဉ်အစီး (၂၀)ကို လှူဒါန်းရန် ဆုံးဖြတ်ခဲ့ပါကြောင်းနှင့် မြန်မာအစိုးရ၏ ဦးဆောင်ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ရခိုင်ပြည်နယ်၌ တည်ငြိမ်းအေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်မည်ဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။
    

 

ထို့နောက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာ -  ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူစာချုပ်အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်အောင် အစစရာရာ စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေး စခန်း(၂)ခုနှင့် ကြားစခန်း (၁)ခုတို့မှ ပြန်လည်နေရာချထားပေးမည့် သက်ဆိုင်ရာနေရာ အသီးသီးသို့ သယ်ယူပို့ဆောင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးထားသော်လည်း ထပ်မံလိုအပ်ချက်များအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မော်တော်ယာဉ် အစီး (၂၀)လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံအတွက် လိုအပ်သည့်အခါတိုင်းတွင် ပူးပေါင်းကူညီ ဆောင်ရွက်မှုများရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင်လည် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
    

 

ဆက်လက်၍ တရုတ်နိုင်ငံ သံအမတ်ကြီးက မော်တော်ယာဉ်များနှင့် သက်ဆိုင်သည့် လွှဲပြောင်းခြင်းဆိုင်ရာ စာရွက်စာတမ်းများကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မော်တော်ယာဉ်များနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည်။
    

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့တို့သည် ပေးအပ်လှူဒါန်းသည့် မော်တော်ယာဉ်များကို လှည့်လည်ကြည့်ရှုကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
  

 

 ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းနှင့် ဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။
    

 

ထိုသို့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် လက်ခံရေးစခန်း(၂)ခု၊ ကြားစခန်း(၁)ခု ပြင်ဆင်ထားရှိမှု အခြေအနေ၊ လက်ခံပြီးနောက် ပြန်လည်နေရာချထားရေး၊ အိမ်ရာများဆောက်လုပ်ပေးနိုင်ရေး၊ သက်မွေးဝမ်း ကျောင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာဝန်ဆောင်မှုများ လက်လှမ်းမီစေရေး စသည် တို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ပြင်ဆင်ထားရှိမှုများ၊ ပြန်လည်လက်ခံရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး၍ ဆောင်ရွက်နေမှုအခြေအနေများ၊ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံခရီးစဉ်ပြီးဆုံး၍ ဘင်္ဂလားဒေ့ရှိနိုင်ငံနှင့် ကုလသမဂ္ဂရုံးချုပ် သို့သွားရောက်၍ လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်က နေရပ်စွန့်ခွာမှုများအတွက် တည်ဆောက်ပေးမည့် နမူနာအိမ်ပုံစံအား လိုက်လံပြသခဲ့ကြောင်းသိရသည်။ 

 


(သတင်းစဉ်)