ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် မသမာမှုကင်းရှင်းရေးအတွက် ကြိုတင်ဆောင်ရွက်ထား

စစ်တွေ ၁၃ ဖေဖော်ဝါရီ 

 

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ယခုနှစ် မတ်လအတွင်းစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်ရှိ စာစစ်ဌာနအသီးသီးမှ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အောင်မြင်မှုရာခိုင်နှုန်း မြင့်မားရေးနှင့် မသမာမှုများ ကင်းရှင်းရေးအတွက် သက်ဆိုင်ရာကျောင်းများသို့ ပညာပေးမှုများ ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးထံမှသိရသည်။

 

“အောင်ချက်မြင့်မားရေးနဲ့ ပတ်သက်လို့ ဒီနှစ်ဖြေဆိုမယ့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် မေးခွန်းပုံစံ ပြောင်းထားတာရှိတယ်။ အဲလိုမျိုး မေးခွန်းပုံစံပြောင်းတာကို အားလုံးသိအောင်  တစ်မြို့နယ်ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် တစ်ဘာသာကို ငါးယောက်စီခေါ်ပြီး စစ်တွေတက္ကသိုလ်မှာ ပါမောက္ခတွေက မေးခွန်းပုံစံနဲ့ပတ်သက်ပြီး တစ်ပြည်နယ်လုံးကို ရှင်းပြပါတယ်။ 

 

မြို့နယ်အလိုက် ဆရာ ဆရာမတွေကို ထပ်မံပို့ချဖို့အတွက် တစ်မြို့နယ်ကို တစ်ဘာသာ သုံးယောက်စီ စစ်တွေတက္ကသိုလ်ကိုခေါ်ပြီး ဘာသာရပ်အတွက် ကျွမ်းကျင်မှုရှိအောင် ပို့ချပေးပါတယ်” ဟု ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်က ပြောသည်။

 

ထို့ပြင် မသမာမှုများ ကင်းရှင်းစေရန်အတွက် ကိုယ့်ဆရာနှင့် ကိုယ့်တပည့် ပြန်လည်ကျရောက်ခြင်း မရှိစေရန်၊ အခြားသော မသမာမှုများမရှိစေရန်အတွက်လည်း ဆောင်ရွက်ထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

“မသမာမှုကင်းရှင်းအောင် ကျောင်းတွေကိုကွင်းဆင်းပြီး ပညာပေးဟောပြောပွဲတွေ လုပ်တယ်။ မသမာမှုကင်းရှင်းရမည် ဆိုတဲ့ဆိုင်းဘုတ်တွေ ကျောင်းတိုင်းမှာ ကပ်ထားတယ်။ ကျောင်းကြီးကြပ်ရေးမှူးတွေကို မြို့နယ်တွင်းမှာတင်မဟုတ်ပဲ ခရိုင်တွင်းမှာ ကြီးကြပ်ရေးမှူး ချိန်းတယ်။ ကိုယ့်ဒေသက ကိုယ့်ဆရာတွေဆိုရင် မျက်နှာနာလို့ ရှာဖွေရေးမှာ အားနည်းတယ်။

 

ကြီးကြပ်တဲ့နေရာမှာ အားနည်းတဲ့အတွက်ကြောင့် ကြီးကြပ်ရေးမှူးတွေကို ကိုယ့်မြို့နယ်မှာ ပြန်မကျအောင် ဆောင်ရွက်ထားပါတယ်။ ဒါ့အပြင် အခန်းစောင့် ဆရာ ဆရာမတွေကိုလည်း သက်ဆိုင်ရာ မြို့နယ်က ဆရာဆရာမတွေနဲ့ အခြားမြို့နယ်တွေက ဆရာ ဆရာမတွေ အချိုးကျ ကြီးကြပ်နိုင်အောင်လို့ စီမံထားပါတယ်” ဟု ပြည်နယ်ပညာရေးမှူးက ပြောသည်။

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၆ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် စတင်စစ်ဆေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် စာစစ်ဌာန ၁၂၂ ဖွင့်လှစ်၍ စစ်ဆေးသွားမည်ဖြစ်ကာ ကျောင်းသား ကျောင်းသူ လေးသောင်းငါးထောင်ကျော် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။ 

 

ပြီးခဲ့သည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ကျောင်းသား ကျောင်းသူ ၄၀၁၇၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၈၆၂၀ ဦး အောင်မြင်ခဲ့ကာ ဂုဏ်ထူးရရှိသူ ၁၄၂၄ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၂၁ ဒသမ ၄၅ ရခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ဟန်လင်းနိုင်၊ ရာမည