ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျက်ရှိ

စစ်တွေ ၆ မတ် 

 


ရခိုင်ပြည်နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မစာ ဘာသာရပ်ကို ယနေနံနက်ပိုင်းတွင် တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

 


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်တွင် စာစစ်ဌာန ၁၂၁ ဖွင့်လှစ်၍ စစ်ဆေးဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ ၄၅၅၃၄ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ၄၂၄၁၆ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

 


ထို့သို့ဖြေဆိုရာတွင် စစ်တွေခရိုင်၌ ၁၃၀၅၇ ဦး၊ မြောက်ဦးခရိုင်၌ ၁၁၆၆၄ ဦး၊ မောင်တောခရိုင်၌ ၂၇၈၂ ဦး၊ ကျောက်ဖြူခရိုင်၌ ၈၃၁၃ ဦးနှင့် သံတွဲခရိုင်၌ ၆၆၀ဝ ဦး ဝင်ရောက်ဖြေဆိုကြပြီး ရခိုင်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမှုမှာ  ၉၃ ဒသမ ၁၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
    

 

မြန်မာစာဘာသာရပ်ဖြေဆိုမှုနှင့် စပ်လျဉ်းပြီး စစ်တွေမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသည့် မတင်အေးစိုးက “ဒီနေ့ ဘာသာရပ်ကို အကုန်လုံးဖြေဆိုနိုင်ခဲ့ပါတယ်။ ဒီနှစ်မေးခွန်းပုံစံက အသစ်ဆိုတော့ မေးခွန်းက နည်းနည်းထူးဆန်းပါတယ်။ စာစီစာကုံးတွေက တစ်ပုဒ်ပိုတယ်၊ နောက်ပြီး အဆိုတွေပါလာတယ်၊ ဖြေဆိုနိုင်ခဲ့ပါတယ်၊ နောက်ထပ်ဖြေဆိုမဲ့ ဘာသာရပ်တွေကိုလည်း ဖြေဆိုနိုင်ဖို့ ပြင်ဆင်ထားပါတယ်၊ ဆရာ၊ ဆရာမတွေကလည်း အေးအေးချမ်းချမ်း ဖြေဆိုနိုင်အောင် ကူညီကြပါတယ်” ဟုပြောသည်။

 


ရခိုင်ပြည်နယ်အနေဖြင့် ၂၀၁၇-၁၈ ခု ပညာသင်နှစ်တွင်  ၄၀၁၇၉ ဦး ဝင်ရောက်ဖြေဆိုရာတွင် ၈၆၂၀ ဦး အောင်မြင်ခဲ့ကာ ဂုဏ်ထူးရရှိသူ ၁၄၂၄ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၂၁ ဒသမ ၄၅ ရခိုင်နှုန်းရှိကြောင်း သိရသည်။ 

 


တင်ထွန်း(ပြန်/ဆက်)

 

aa