စစ်တွေ ဒီဇင်ဘာ ၂၃

 

စစ်တွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ဖွင့်လှစ် ဆောင်ရွက်ထားရှိမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ယနေ့နံနက်ပိုင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ စစ်တွေတပ်နယ်မှ တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်  ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့ အမှတ်(၂) အခြေခံပညာ  အထက်တန်း ကျောင်း၌ ဘောက်သီးစုရပ်ကွက် မဲရုံအမှတ်(၁) ဖွင့်လှစ်ထားရှိမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ အေးချမ်းစွာ စနစ်တကျ မဲပေးနိုင်ရေးအတွက် လိုအပ်သည်များကို  တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ကြည့်ရှုစစ်ဆေး

 

ထို့နောက် စစ်တွေမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ လမ်းမတော် မြောက်ရပ်ကွက် မဲရုံအမှတ်(၁)၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ပြည်တော်သာရပ်ကွက် မဲရုံအမှတ်(၃)နှင့် အမှတ်(၈) အခြေခံပညာ မူလတန်းကျောင်း၌ အနောက်စံပြရပ်ကွက်  မဲရုံအမှတ်(၁)တို့ ဖွင့်လှစ်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ယင်းနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်း သားလူငယ်များအတွက် အခြေခံစက်ချုပ်  သင်တန်းဆင်းပွဲသို့ တက်ရောက်သည်။

 

သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု ရရှိကြသူများနှင့် သင်ကြားပို့ချခဲ့ကြသည့် သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ခန်းမအတွင်း သင်တန်းသူများ၏ ချုပ်ထည်များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)