စစ်တွေ ၁၂ ဖေဖော်ဝါရီ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် စစ်တွေမြို့ရှိ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံကို အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဖတ်ကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်ထောင်စုနေ့အထိမ်းအမှတ် Myanmar Union Day Peace Run (၅) ကီလိုမီတာ အမျိုးသားအပြေးပြိုင်ပွဲ၌ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အားကစားသမားများကို ဆုများပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းကြည်နှင့် တာဝန်ရှိသူများက အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများတွင် ဆုရရှိသော အားကစားသမားများကို ဆုများပေးအပ်ကြသည်။
အလားတူ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ပဒေသာကပွဲနှင့် ဇွဲအငြိမ့်ဖျော်ဖြေပွဲကို စစ်တွေမြို့ရှိ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။
ဖျော်ဖြေပ္ပွဲ၌ မြေပုံမြို့နယ် စုမ်းတူချင်းတိုင်းရင်းသားအဖွဲ့မှ ကောက်သစ်စားပွဲအက၊ မြောက်ဦးမြို့နယ် ခမီတိုင်းရင်းသားအဖွဲ့မှ စုပေါင်းယိမ်းအက၊ ပုဏ္ဏားကျွန်းမြို့နယ် မြိုတိုင်းရင်းသားအဖွဲ့မှ ဝိုင်းဝိုင်းပတ်အက၊ မောင်တောမြို့နယ် သက်တိုင်းရင်းသားအဖွဲ့မှ လူကြီးမင်းကို ဖိတ်ခေါ်ခြင်းအက၊ မင်းပြားမြို့နယ် ဒိုင်းနက်(သက္ကမ) တိုင်းရင်းသားအဖွဲ့မှ တစ်ပင်တိုင်အက၊ မင်းပြားမြို့နယ် မာရမာကြီးတိုင်းရင်းသားအဖွဲ့မှ ဗုဒ္ဓပူဇာအက၊ အမ်းမြို့နယ် အရှိုချင်းတိုင်းရင်းသားအဖွဲ့မှ ဝါးညှပ်အက၊ မင်းပြားမြို့နယ် လေးတူချင်းတိုင်းရင်းသားအဖွဲ့မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအကနှင့် စစ်တွေတက္ကသိုလ်မှ ရခိုင်တိုင်းရင်းသားအဖွဲ့က ဆီမီးခွက်အကများဖြင့် ကပြဖျော်ဖြေကြပြီး ဟာသလူရွှင်တော် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ပန်းသီးပါဝင်သည့် ဇွဲအငြိမ့်အဖွဲ့က ဖျော်ဖြေတင်ဆက်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကပြဖျော်ဖြေကြသော တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် ဇွဲအငြိမ့်အဖွဲ့တို့အား ဂုဏ်ပြုဆုငွေနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။
တင်ထွန်း(ပြန်/ဆက်)


