စစ်တွေ ဒီဇင်ဘာ ၁၄
(၅၁)နှစ်မြောက် ရခိုင်ပြည်နယ် နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းတွင် စစ်တွေမြို့ ဓညဝတီ အားကစားကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ အားကစားအသင်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပညာရေးဌာန ဘောလုံးအသင်းနှင့် ပြည်နယ်ရဲတပ်ဖွဲ့ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ရဲတပ်ဖွဲ့ဘောလုံးအသင်းက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင် ရရှိသည်။ ဆက်လက်၍ အမျိုးသားလွန်ဆွဲပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအသင်းနှင့် ပြည်နယ်မီးသတ်ဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းက အနိုင်ရရှိသည်။
ယင်းနောက် အမျိုးသမီး လွန်ဆွဲပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်းနှင့် ပြည်နယ်ပညာရေးအသင်းတို့ ယှဉ်ပြိုင်ကြရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအသင်းက အနိုင်ရရှိပြီး အားကစားအသင်းများ ယှဉ်ပြိုင်နေစဉ် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သမီးပျိုလေးများက Fitness Dance များဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးများက အမျိုးသမီးအငယ်တန်း ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသား အငယ်တန်းကြက်တောင်ရိုက် ပြိုင်ပွဲ၊ အမျိုးသမီးအကြီးတန်း ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသားအကြီးတန်း ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ဌာနဆိုင်ရာအသင်းများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်က အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ဆုရရှိကြသော အသင်းများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နာယကက အမျိုးသားလွန်ဆွဲပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအားလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဘုန်းလျှံက ဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရရှိသော အသင်းနှင့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူက ဒုတိယဆုရရှိသော အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
တင်ထွန်း(ပြန်/ဆက်)


