ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အောက်စ်ဖို့ဒ် ဆရာတော်  ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ၏ ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အောက်စ်ဖို့ဒ် ဆရာတော်  ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ၏ ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ

 

နှစ်သစ် နောက်တစ်ခါ ရောက်လာပြန်ပါပြီ။ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးကို ကြိုဆိုဖို့အတွက် ၂၀၂၃ နှစ်ဟောင်းကို ကျကျနန နှုတ်ဆက်ရပါလိမ့်မယ်။ ၂၀၂၃ ကအင်မတန်မှ ခက်ခဲတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့တယ်။ ဒီဟာကို ဘုန်းဘုန်းတို့ လက်ခံဖို့ အရေးကြီးတယ်။ အဲဒီလို အခက်အခဲတွေကြားထဲမှာ စိတ်ဖိစီးမှုတွေရှိတယ်။ တစ်ယောက်အပေါ် တစ်ယောက် ပြောမှားဆိုမှားတွေလည်း ရှိကောင်းရှိနိုင်တယ်။ မိသားစုထဲမှာလည်း ရှိနိုင်တယ်။ သူငယ်ချင်းတွေနဲ့လည်း ရှိနိုင်တယ်။ လုပ်ငန်းခွင်မှာလည်း ရှိနိုင်တယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ ကိုယ့်ဟာကိုယ် သတိပေးဖို့ တစ်ခုလိုတာက I always still my best ငါအကောင်းဆုံး ကြိုးစားခဲ့တယ်။ အကောင်းဆုံး ကြိုးစားခဲ့တာကို ပြန်သတိရပြီးတော့၊ အသိအမှတ် ပြုပြီးတော့၊    ပြန်ပြီးတော့    ဂုဏ်ယူပြီးတော့ နှစ်ဟောင်းကို နှုတ်ဆက်ဖို့ လိုအပ်ပါတယ်။

 

ဒီနေရာမှာ အရေးကြီးတာက ဘာအရေးကြီးတာလဲဆိုတော့ ၂၀၂၃ ခုနှစ်အတွင်း ငါတို့အကောင်း ဆုံးကြိုးစားခဲ့တယ်။ အဲဒီတော့ တစ်ခုတည်းလားဆိုတော့ မဟုတ်ဘူး။ ၂၀၂၃ ခုနှစ်မှာ အဲဒီလောက်အထိ ခက်ခဲတဲ့ နှစ်မှာတောင်မှ အကောင်းတွေလည်း ရှိသေးတယ်။ I see the best, to see the best. အကောင်းဆုံးကို မြင်တတ်တဲ့ အလေ့အကျင့်အရေးကြီးတယ်။ ကိုယ့်ဘဝထဲမှာကိုယ် အကောင်းဆုံးဖြစ်တာကို မြင်အောင်ကြည့်ဖို့၊ နောက် တခြားသူတွေ  အကောင်းဆုံးလုပ်နေတာကို  ကိုယ်ကပြန်ပြီးတော့  အကောင်းဆုံးအနေနဲ့  မြင်ပေးဖို့၊ နှစ်ခွန်းတည်းနော်။ To do the best and to see the best.  အကောင်းဆုံးလုပ်ဖို့နဲ့ အကောင်းဆုံးကို မြင်အောင်ကြည့်ဖို့။ စကားလုံးတစ်လုံးတည်းနဲ့ အကျဉ်းချုပ်မယ်ဆိုရင် ဒါကို မုဒိတာလို့ ခေါ်ပါ တယ်။ ခက်ခဲတဲ့ ကာလမှာ မုဒိတာပွားရတာနော်။ မုဒိတာနဲ့ ကြည့်တာ။ အဲဒီလို ကြည့်နိုင်တယ်ဆိုရင် ၂၀၂၄ ဘယ်လိုပဲ လာလာ၊ ၂၀၂၄ ကို ကြိုဆိုဖို့အတွက် အသင့်ရှိတယ်။ ဘယ်လိုအသင့်ရှိတာလဲဆိုရင် I will do my best.   အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်။ I will see the best. I try to see the best. အကောင်းဆုံးမြင်အောင် ငါကြည့်မယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အကောင်းဆုံး မြင်အောင် ကြည့်မယ်၊  ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်ရဲ့ မိသားစု၊  ကိုယ့်ရဲ့နိုင်ငံ၊  ကိုယ်ရဲ့ယဉ်ကျေးမှု အကောင်းတွေ ကြည့်ရအောင်။

 

အကောင်းကြည့်တတ်တဲ့ Positive Thinking ကို အခြေခံပြီးတော့ ပြဿနာဖြေရှင်းနိုင်တယ်။ ဖြေရှင်းနိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်း ဗုဒ္ဓမြတ်စွာဘုရားက ဟောထားတယ်။ အကောင်းဆုံး မြင်တာကို ပါဠိလို ယောနိသော မနသိကာရ ခေါ်တယ်။ ပြဿနာဖြေရှင်းတာကျတော့ သစ္စာလေးပါလို့ ခေါ်တယ်။ နှစ်သစ်ကူးမှာ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာပြီးတော့ မိမိကောင်းကျိုး၊ အများ ကောင်းကျိုး၊  ဗုဒ္ဓသာသနာတော်  ကောင်းကျိုး၊ လူသားကောင်းကျိုး တိုး၍ တိုး၍ သယ်ပိုးဆောင် ရွက်နိုင်ကြတဲ့ ပါရမီရှင်များဖြစ်ကြပါစေ။