နေပြည်တော် နိုဝင်ဘာ ၂၇
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါ ဒုစရိုက်မှုနှိမ်နင်းရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား ရှစ်ဦးကို အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ကျေးသီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၄ ရက်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့၏ အရှေ့တောင်ဘက် နောင်တောက်ကျေးရွာ၏ အနောက်မြောက်ဘက် နေရာတစ်ဝိုက်သို့ ရောက်ရှိစဉ် မသင်္ကာဖွယ်ရာ အဆောက်အအုံများကို တွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့်နေရာဖြစ်ကြောင်း တွေ့ရှိရပြီး လုပ်ငန်းလုပ်ကိုင်နေကြသူများအား မတွေ့ရှိရဘဲ အလျား ပေ ၄၀ ၊ အနံ ပေ ၂၀ ရှိ ယာယီလူနေမိုးကာတဲ ငါးလုံး၊ အလျား ပေ ၂၀၊ အနံ ၁၀ ပေရှိ ယာယီလူနေမိုးကာတဲ ခြောက်လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေ ရှိ ယာယီလူနေမိုးကာတဲ ခုနစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေ ရှိ ရေကန် သုံးလုံး၊ ဝက်ခြံ ငါးခြံ၊ ကင်းတဲ ရှစ်လုံး၊ စားဖိုဆောင် နှစ်လုံး၊ ပလတ်စတစ်ထိုင်ခုံ ၁၅၀၊ မှန်တင်ခုံကြီး တစ်လုံး၊ သစ်သားခုံ ငါးခုံ၊ မော်နီတာ နှစ်လုံးနှင့် Starlink တစ်လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် နိုဝင်ဘာ ၂၅ ရက်တွင် မိုင်းနောင်မြို့၏ အရှေ့တောင်ဘက် ကောင်းဟိုင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ယာယီအဆောက်အအုံများနှင့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများဖြစ်သော အလျား ပေ ၇၀၊ အနံ ပေ ၃၀ ရှိ ယာယီလူနေမိုးကာတဲ သုံးလုံး၊ အလျား ပေ ၄၀ ၊ အနံ ပေ ၄၀ ရှိ ယာယီလူနေမိုးကာတဲ နှစ်လုံး၊ အလျား ၂၅ ပေ၊ အနံ ၁၅ ပေရှိ ယာယီလူနေမိုးကာတဲ တစ်လုံး၊ အလျား ပေ ၂၀၊ အနံ ၁၅ ပေရှိ ယာယီလူနေမိုးကာတဲ ၂၈ လုံး၊ မီးစက် သုံးလုံး၊ ရေခဲသေတ္တာအသေး တစ်လုံး၊ Freezer တစ်လုံး၊ AIR Cooler ငါးလုံးနှင့် လန်ခရူဇာမော်တော်ယာဉ်တစ်စီး တို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၆ ရက်တွင် မိုင်းနောင်မြို့၏ အရှေ့တောင်ဘက် ဝမ်ကျောင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်း ဆောင်ရွက်ရန် ဆောက်လုပ်လျက်ရှိသည့် အလျား ပေ ၁၅၀၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုးတဲ (လူမနေ) တစ်လုံး၊ အလျား ပေ ၁၂၀၊ အနံ ပေ ၃၀၊ အမြင့် ၁၅ ပေရှိ သွပ်မိုးအလုပ်ရုံ တစ်လုံး၊ အလျား ပေ ၁၅၀၊ အနံ ခြောက်ပေ၊ အမြင့် ရှစ်ပေရှိ သွပ်မိုးအထပ်သားကာ တစ်လုံး၊ အလျား ၁၅ ပေ၊ အနံ ခြောက်ပေ၊ အမြင့် ရှစ်ပေရှိ သွပ်မိုးအထပ်သားကာ တစ်လုံး၊ အလျား ပေ ၁၅၀၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုးတဲ (လူမနေ) တစ်လုံး၊ အလျား ပေ ၈၀၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ အမိုးအကာမရှိတဲ တစ်လုံး၊ အလျား ပေ ၁၀၀၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုး အထပ်သားကာတဲ တစ်လုံး၊ အလျား ပေ ၁၀၀၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ အမိုးအကာမရှိပြိုကျတဲ တစ်လုံး၊ အလျား ပေ ၁၀၀၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ မိုးကာမိုးတဲ တစ်လုံး၊ အလျား ပေ ၁၀၀၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ မိုးကာမိုးပြိုကျတဲ တစ်လုံး၊ အလျား ပေ ၂၀၊ အနံ ပေ ၁၂၀၊ အမြင့် ၁၅ ပေရှိ မိုးကာ မိုးအထပ်သားဂိုဒေါင် တစ်လုံး၊ အလျား ပေ ၂၀ ပတ်လည်သွပ်မိုးအထပ်သားကာ လူနေအိမ် တစ်လုံး၊ အလျား ပေ ၁၅၀၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ အမိုးမရှိတဲ နှစ်လုံး၊ ဂါလန် ၈၀၀ ဆံ့ တိုင်ကီအပြာ လေးလုံးတို့ကိုလည်းကောင်း၊ မိုင်းနောင်မြို့၏ အရှေ့တောင်ဘက် နောင်တောက်ကျေးရွာ၏ တောင်ဘက်နေရာတစ်ဝိုက်အား ထပ်မံ၍ရှင်းလင်းရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသူများဖြစ်သည့် တရုတ်နိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား ရှစ်ဦး တို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်များအရ အဆိုပါကျေးရွာအနီး၌ သိုဝှက်သိမ်းဆည်းထားသည့် MA-1 သေနတ် တစ်လက်၊ MA-13 သေနတ် တစ်လက်၊ AK-12 သေနတ် တစ်လက်၊ ကာဘိုင်သေနတ် တစ်လက်၊ WICHESTER 12 V သေနတ် တစ်လက်၊ ၉ မမကျည် ၁၀ တောင့်၊ 12 V ကျည် နှစ်တောင့်၊ ၉ မမကျည်အိမ် တစ်ခု၊ AK ကျည်အိမ်တစ်ခုနှင့် ကာဘိုင်ကျည်အိမ်တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သိမ်းဆည်းရမိပစ္စည်းများ၊ ယာယီ လူနေအဆောက်အအုံများ၊ နေရာထိုင်ခင်းများအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးရမိသူများနှင့် ပါဝင်ပတ်သက်သူများအား စနစ်တကျစိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရေးနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောက်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်ခဲယမ်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


