တာချီလိတ် ဒီဇင်ဘာ ၂၃
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင် (ရှမ်းအရှေ့တာဝန်ခံ)သည် ရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းစိစစ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင် (ရှမ်းအရှေ့တာဝန်ခံ)သည် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မဲစာရင်း တတိယအကြိမ် ကပ်ထားကြေညာခြင်း မပြုမီ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် မဲစာရင်းစိစစ်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မဲပေးစက်ဆိုင်ရာ ကျွမ်းကျင်အဖွဲ့များ၊ MEVM ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့်တွေ့ဆုံပြီး MEVM စက်များ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ခွဲဝေထားရှိမှုနှင့် ဘက်ထရီများ အားသွင်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မဲရုံအမှတ် (၀၁)တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်ပါ အီလက်ထရောနစ် မဲပေးစက် အသုံးပြုသည့် မဲရုံအတွက် နေရာချထားမှုပုံစံဖြင့် မဲရုံခင်းကျင်း ထားရှိမှုများကို လိုက်လံကြည့်ရှုပြီး တာချီလိတ်ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


