တောင်ကြီး    စက်တင်ဘာ    ၂၃

၂၀၂၅ ခုနှစ်    တိုင်းဒေသကြီးနှင့်   ပြည်နယ် အမျိုးသမီး     ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း  (အေရိုးဗစ်)ပြိုင်ပွဲ၊      ဘိလိယက်/စနူကာပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများသို့    ဝင်ရောက်ယှဉ်ပြိုင်မည့်    ရှမ်းပြည်နယ်ကိုယ်စားပြု လက်ရွေးစင်အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် အေရိုးဗစ်လက်ရွေးစင်အသင်း၊ ဘိလိယက်နှင့်စနူကာအသင်း၊ အသက်(၂၅) နှစ်အောက် အမျိုးသမီးဘောလုံး လက်ရွေးစင်အသင်းတို့အား အောင်နိုင်ရေးအလံနှင့်  ပြိုင်ပွဲကုန်ကျစရိတ် ချီးမြှင့်ငွေများပေးအပ်ရာ အသင်းအုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများက လက်ခံရယူကြသည်။

ယင်းနောက် ရှမ်းပြည်နယ်အေရိုးဗစ်၊ ဘိလိယက်နှင့်    စနူကာအသင်း၊    အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းများကိုယ်စား တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုတင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထိုမှတစ်ဆင့်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် တပ်မတော်သားမိသားစုဝင်များ  ဝင်ငွေတိုးပွား လာစေရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများပေါ် ထွက်လာရေးအတွက်ရည်ရွယ်ပြီး တောင်ကြီးမြို့ သံလွင်ခန်းမ၌ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်   တပ်မတော်သား မိသားစုဝင်များအတွက်  ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး သင်တန်းသုံးအထောက် အကူပြုပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူကြကာ သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းနှင့် အပ်ချုပ်စက်များကို လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါသင်တန်းကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အထိ တစ်လကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသူ ၁၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။                       

ပြည်နယ်(ပြန်/ဆက်)