တောင်ကြီး ဒီဇင်ဘာ ၁၄

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။

 

ဖွင့်ပွဲတွင် စစ်ရေးပြမှူးမှဦးဆောင်၍ အားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပသည့် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ရှမ်းပြည်နယ်အတွက် ထူးချွန်ထက်မြက်သည့် လက်ရွေးစင်အားကစားသမားများကို ရွေးချယ်၍ နေပြည်တော်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက် မှ ၂၇ ရက်အထိ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြရမည် ဖြစ်ကြောင်း၊ ပြေးခုန်ပစ်အားကစားနည်းသည် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မဖြစ်မနေ ပါဝင်ရမည့် အားကစားနည်းဖြစ်ပြီး ပြေးခုန်ပစ်အားကစားနည်းသည် အားကစားနည်းသမိုင်း၏ အစဦးဆုံး အားကစားနည်း တစ်ခုဖြစ်သည့်အပြင် ၎င်း၏ဆောင်ပုဒ်ကို “မြန်မြန်ပြေး၊ ဝေးဝေးပစ်၊ မြင့်မြင့်ခုန်” ဟုသတ်မှတ်ထားရာ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ သက်လုံကောင်းမှု၊ သွက်လက်လျင်မြန်ပေါ့ပါးမှု၊ ဇွဲလုံ့လ၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ အထူးလိုအပ်သော အားကစားနည်းဖြစ်ကြောင်း၊ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပရသည့်ရည်ရွယ်ချက်မှာ ပြေးခုန်ပစ်အားကစားနည်းသည် ပြည်သူလူထုမှ ပြန်လည်စိတ်ဝင်စားလာစေရေး၊ လူငယ်မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာပြီး ကြံ့ခိုင်သောလူငယ်များအဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်လာစေရန်နှင့် မျိုးဆက်သစ်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေလိုကြောင်း၊ ယခုယှဉ်ပြိုင်ကစားကြမည့် ပြေးခုန်ပစ် ပြိုင်ပွဲတွင် အားကစားသမားများအနေဖြင့် မြို့နယ်အဆင့်မှခရိုင်၊ ခရိုင်အဆင့်မှပြည်နယ်၊ ပြည်နယ်အဆင့်မှ နိုင်ငံ့လက်ရွေးစင်အဖြစ် တက်လှမ်းနိုင်ရေး ရည်မှန်းချက်ထားပြီး အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းပြောကြားသွားပြီး ၂၀၂၁ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၃၇)သင်း၊ ပြိုင်ပွဲဝင် အားကစားသမားများ(၄၃၈)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)