ရန်ကုန် ၁၄ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ကုသရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေကြီးရှိရန်ကင်းကလေးဆေးရုံကြီး၌တက်ရောက်ဆေးကုသမှုခံယူနေသော ကလေးလူနာများအား ယနေ့ မွန်းလွဲ ၂ နာရီ ခွဲက Israeli Maestro Nir Brand’s Classikid အဖွဲ့က လာရောက် ဖျော်ဖြေခဲ့ကြသည်။
အဆိုပါဖျော်ဖြေပွဲအခမ်းအနားတွင် ရန်ကင်းကလေးဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင်ခိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor တို့က နှုတ်ခွန်းဆက်အမှာစကားပြော ကြားခဲ့ကြသည်။ ထို့နောက် Mr. Brand က ဆေးရုံတွင် တက်ရောက်ကုသနေသော ကလေးငယ်များအား ပုံဝတ္ထုများပြောကြားခြင်း၊ တေးဂီတဖြင့် ကလေးငယ်များ ပျော်ရွှင်စေရန် ဖန်တီးပေးခြင်းတို့အပြင် ဆရာဝန်၊ သူနာပြုများ၊ ဆေးရုံတက်ကလေးလူနာနှင့် မိသားစုဝင်များ စိတ်ဖိစီးမှုသက်သာစေရန်အတွက် တေးဂီတ ဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor က ဆေးရုံနှင့်ပတ်သက်၍ “သံရုံး ဘက်ကနေ ဒီဘက်ကို ဘယ်လိုများ ပူးပေါင်းထောက်ပံ့ပေးလို့ရမလဲဆိုတာမျိုးကိုလည်း ရှေ့ဆက်ပြီးတော့ လုပ်ဆောင်ချင်ပါတယ်။ အစ္စရေးသံရုံးအနေနဲ့ ဒီကိုလာရတာလည်း အင်မတန်မှ ဂုဏ်ယူပါတယ်။ အခုလို Maestro Nir Brand’s ကို ဒီက ကလေးတွေအတွက် ယူလာနိုင်တာကို အင်မတန်ဂုဏ်ယူဝမ်းမြောက် ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကင်းကလေးဆေးရုံကြီးသည် ရန်ကုန်မြို့ရှိ ကလေးဆေးရုံကြီး ၂ ရုံအနက် တစ်ရုံဖြစ်ပြီး ခုတင် ၅၅၀ ဆံ့ ဆေးရုံဖြစ်ကာ ဆေးတက္ကသိုလ် ၂ ၏ သင်ကြားရေးဆေးရုံအဖြစ် တွဲဖက်ထားရှိကြောင်း သိရသည်။ ဆေးရုံ ကို ၂၀၁၁ ခုနှစ် မတ်လတွင် ဖွင့်လှစ်ခဲ့ပြီး ဧရာဝတီဖောင်ဒေးရှင် Max Myanmar အုပ်စုများကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်က ယခင်သတ္တုတွင်းဝန်ကြီးဌာနအဆောက်အဦးကို မွမ်းမံပြင်ဆင်ပြီး ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆေးရုံတွင် နှလုံးဆေးကုသဆောင်၊ နှလုံးခွဲစိတ်ကုသဆောင်၊ အထူးကြပ်မတ်ကုသဆောင်၊ ကလေးခွဲစိတ် ကုသဆောင်၊ မွေးကင်းစအထူးကြပ်မတ်ကုသဆောင်၊ ကလေးအထူးကြပ်မတ်ကုသဆောင်၊ ဆီးနှင့် ကျောက်ကပ်ကုသဆောင်စသော ဖျားနာကုသဆောင်(၃)ဆောင်နှင့် အထူးလူနာဆောင် ၆ ခုရှိကြောင်းသိ ရသည်။
ကလေးလူနာများအတွက် ပြုစုစောင့်ရှောက်ကုသမှုပေးနေသော ဆရာဝန် ၉၅ ဦးနှင့် သူနာပြု ၂၀ဝ ခန့်ရှိ ကြောင်း သိရသည်။ နေ့စဉ်အတွင်းလူနာ ၄၀ဝ မှ ၄၅၀ ဦးခန့် ရှိပြီး အသက် ၁၂ အောက် ကလေးငယ်များ ကို လက်ခံကုသပေးလျက်ရှိကာ ကလေးငယ်များတွင် အဖြစ်အများဆုံးရောဂါမှာ အသက်ရှူလမ်းကြောင်း လတ်တလောပိုးဝင်ရောဂါဖြစ်ကြောင်း ဆေးရုံအုပ်ကြီး၏ ပြောကြားချက်များအရ သိရသည်။
ဂီတဖျော်ဖြေပွဲနှင့်ပတ်သက်၍ ဆေးရုံအုပ်ကြီးက ပြောကြားရာ၌ “အခုလို အနုပညာဖျော်ဖြေပွဲကြီးပြုလုပ် ပေးခြင်းဟာ ကလေးလူနာတွေအတွက် များစွာအဓိပ္ပါယ်ရှိစေပြီး ပျော်ရွှင်ကြည်နူးစေမှာဖြစ်ပါတယ်။ ဒီအပြင် ခံစားနေရတဲ့ ရောဂါဝေဒနာတွေ လျော့ကျပြီး ကျန်းမာလာစေဖို့ တစ်စိတ်တစ်ပိုင်း အထောက်အကူ ဖြစ်စေ ပါတယ်” ဟု ပြောကြားသည်။
အနုပညာဖျော်ဖြေပွဲအပြီးတွင် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးနှင့် ဇနီးတို့အား ရန်ကင်းကလေး ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပေးအပ်ခဲ့ပြီး ဂီတဖြင့် အနုပညာဖျော်ဖြေတင်ဆက် သူ Mr. Brand အား ပါမောက္ခဒေါက်တာကျော်ဇင်ဝေက အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - အာကာစိုး


