ထန်းတပင် ၁၉ ဖေဖော်ဝါရီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ပင်မဆောင်ခန်းမတွင် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်နှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၈၅၀)ဦးတို့ကို တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဌာနမှူး ဒေါ်တိုးတိုးခင် (သင်တန်းရေးရာ)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ့မှူး ရဲမှူးအောင်ကြီးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိနားလည်စေရန် အသိပညာပေး ဟောပြောခြင်းနှင့် အမှတ်(၆) လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့မှ ဒုရဲမှူးဝေလွင်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့သည်။
၎င်းနောက် ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းက မှုခင်းကျဆင်းရေး အကြောင်းအရာများနှင့် မူးယစ်တပ်ဖွဲ့စု(၇၀)မှ ရဲအုပ်မျိုးသန့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့် ပတ်သက်၍ သိကောင်းစရာများကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ဝင်းက အနောက်ပိုင်းတက္ကသိုလ် ကျောင်းစာကြည့်တိုက်အတွက် မူးယစ်ဆေးဝါး ပညာပေး ဆောင်းပါးစာအုပ်များကို ပေးအပ်လှူးဒါန်းခဲ့ရာ ဌာနမှူး ဒေါ်တိုးတိုးခင် (သင်တန်းရေးရာ)မှ လက်ခံရယူခဲ့သည်။
ထို့နောက် အသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)


