ရန်ကုန် ၂၄ ဖေဖော်ဝါရီ
ယနေ့ရန်ကုန်စာအုပ်လမ်းတွင် စာကြည့်တိုက် ဥပဒေကြမ်းဆွေးနွေးပွဲ၊ ကိုအေးမင်းစိုး(အလင်းဆက်-IR)ရေးသည့် ကိုလိုနီခေတ်က ရုပ်ရှင်ဒါရိုက်တာ ဦးစန္ဒီ စာအုပ်မိတ်ဆက်ပွဲ၊ မေးကြည့်ဖြေကြည့်စာပေပဟေဠိ၊ ဒါရိုက်တာကြည်စိုးထွန်း၏ ဝတ္ထုမှသည်ရုပ်ရှင် ဟောပြောပွဲ အစီအစဉ်များဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းတွင် ဘုမ္မဇေယျလူထုဖွံ့ဖြိုးရေးအသင်းနှင့် Save the Library၊ ရန်ကုန် တိုင်းဒေသကြီးစာကြည့်တိုက် ဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန ပါမောက္ခ/ဌာနမှူး(ငြိမ်း) ဦးသိန်းလွင်တို့က ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ဥပဒေအား ဦးဆောင်ဆွေးနွေးကြကာ တက်ရောက်လာ ကြသည့် စာကြည့်တိုက် ကျွမ်းကျင်ပညာရှင်များက စာကြည့်တိုက် ဥပဒေတွင်ပါဝင် သင့်သည့်အရာများကို ဆွေးနွေးကြပြီး ရလဒ်များကို ဖေဖော်ဝါရီ ၂၅ရက် မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြဆွေးနွေးသွားမည်ဟု သိရ သည်။
ထို့ပြင် ကိုအေးမင်းစိုး(အလင်းဆက်-IR)သုတေသနပြုကာ ရေးသားထားသည့် ကိုလိုနီ ခေတ်က ရုပ်ရှင်ဒါရိုက်တာဦးစန္ဒီ စာအုပ် အကြောင်းကို မိတ်ဆက်ဟောပြောသည်။
မေးကြည့် ဖြေကြည့်စာပေပဟေဠိ ကဏ္ဍတွင် စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် စာရေးသူနှင့်ရေးသားသည့်စာအုပ်အမည်များကို အလှမယ်အယ်လီနာဝင်းက မေးမြန်း ပြီး ဖြေဆိုင်နိုင်သည့် စာပေချစ်သူများအား လုံးချင်းဝတ္ထုစာအုပ်များကို ဆုလက်ဆောင် အဖြစ် ပေးအပ်သည်။
ဒါရိုက်တာကြည်စိုးထွန်း၏ ဝတ္ထုမှသည်ရုပ်ရှင် ဟောပြောပွဲတွင် ဝတ္ထုများသည် ရုပ်ရှင်အပေါ်သက်ရောက်မှုရှိမှု၊ စာပေနှင့်ရုပ်ရှင်ပညာဆက်စပ်မှု၊ လူငယ်ဒါရိုက်တာများ၏ အရည်အချင်းတွင် စာပေပညာပေါင်းစပ်ပါက ပိုမိုအောင်မြင်နိုင်မှုအခြေအနေများ ကိုဆွေးနွေးပြောကြားပြီး ပရိတ်သတ်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်(စနေ-တနင်္ဂနွေ)စာအုပ်လမ်းကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်း၊ ဝန်ကြီးများရုံးရှေ့တွင် အပတ်စဉ် စာအုပ်ဆိုင်များဖွင့်လှစ်ကာ ကလေး စာပေ၊ လူကြီးစာပေ အမျိုးမျိုးကို ရောင်းချလျက်ရှိပြီး စာပေဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ ဖျော်ဖြေပွဲအစီအစဉ်များကို နေ့စဉ်သတင်းစာများနှင့် Yangon Book Street လူမှု ကွန်ရက်မှ ကြေညာပေးလျက်ရှိသည်။
သန့်စင်ဝင်း-MNA၊ ဓာတ်ပုံ-ရဲထွဋ်


