ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောခရီးစဉ် စတင်မိတ်ဆက်

ရန်ကုန်   ၂၁  ဒီဇင်ဘာ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက စီစဉ်သော နှစ်ထပ်အပျော်စီးသင်္ဘောခရီးစဉ်ဖွင့်ပွဲကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်းအနီးရှိ ကျန်းမာရေး ဆိပ်ကမ်း၌ ကျင်းပသည်။

အဆိုပါ အပျော်စီးသင်္ဘောခရီးစဉ်ကို ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်သားလူမျိုးရေးရာဝန်ကြီး နော်ပန်း သဉ္ဇာမျိုး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်နှင့် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးခွဲ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

“ကျွန်တော်တို့ ခရီးသွားလုပ်ငန်းတွေ ပြန်လည် မြှင့်တင်ဖို့ ဖြစ်ပါတယ်။ ဌာနအနေနဲ့ ရေယာဉ်စီစဉ်ပေးတာ ဖြစ်ပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းတို့ ပေါင်းစပ် ပြီးတော့မှ ဒီခရီးကို စီစဉ်တာပါ။ အဲဒီမှာလေယာဉ်၊ ရထား၊ ရေယာဉ်ခရီးစဉ် စီစဉ်တာပါ။ နောက်ပိုင်းမှာ မော်တော် ယာဉ်ခရီးစဉ်တွေလည်း ပါမှာဖြစ်ပါတယ်။ ဒီနေ့က ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောခရီးစဉ် စတင် မိတ်ဆက်တာ ဖြစ်ပါတယ်” ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဒုတိယအထွေထွေမန်နေဂျာ ဦးဝင်းကိုအောင် က ပြောသည်။

“အပန်းဖြေခရီးစဉ်ဖြစ်တဲ့အတွက်ကြောင့် သင်္ဘောက ကြီးတယ်။ ပြီးတော့ Social Distancing နဲ့အညီလည်း ဖြစ်ဖို့၊ လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေ လေကောင်းလေသန့်လည်းရအောင် သင်္ဘောရဲ့ အပေါ်ထပ်မှာ ထိုင်ခုံနေရာတွေကို တစ်နေရာနဲ့တစ်နေရာ ချဲ့ထားပါတယ်။ ဒီကာလအတွင်းမှာ ခရီးသွားပြည်သူတွေကလည်း တောင်းဆိုတယ်ဆိုရင် ခရီးသည်ရှိသလောက်နဲ့ စိတ်ဝင်စားတဲ့သူ ရှိသလောက်ကို စနေနဲ့ တနင်္ဂနွေရက်တွေမှာ အပတ်စဉ်ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ ထိုင်ခုံလက်မှတ်ခ နှုန်းထားက တစ်ဦးကို ငွေကျပ်တစ်သောင်းခွဲလို့ အကြမ်းဖျင်းသတ်မှတ်လျာထားတယ် ဆိုပေမယ့် လက်မှတ်ခနှုန်းထား အတိအကျကို ဒီဇင်ဘာ ၂၁ ရက်မှာ အများပြည်သူသိအောင် ကြေညာပေးသွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

အဆိုပါ အပျော်စီးသင်္ဘောပေါ်တွင် ခရီးသည် ၁၂၀ လိုက်ပါစီးနင်းနိုင်မည် ဖြစ်သော်လည်း လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာစံသတ်မှတ် ချက်များနှင့်အညီ ခရီးသည် ၃၀ ကိုသာတင်ဆောင်၍ အပျော်စီး သင်္ဘောခရီးစဉ်ကို ပြေးဆွဲပေးမည် ဖြစ်ကြောင်း၊ ခရီးသည်များအတွက် လာမည့် ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်) ညနေပိုင်းခရီးစဉ်ကို စတင်ပြေးဆွဲ မည်ဖြစ်၍ ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် ညနေပိုင်းခရီးစဉ်များကိုလည်း ပြေးဆွဲပေးရန် လျာထားကြောင်း သိရသည်။ နှစ်ထပ်အပျော်စီး သင်္ဘောခရီးစဉ် စတင်ပြေးဆွဲပြီ ဆိုပါက ခရီးသည်များ အနေဖြင့် ညနေ ၃ နာရီ ၄၅ မိနစ်တွင် သင်္ဘောပေါ်သို့ တက်ကြရမည်ဖြစ်ပြီး ညနေ ၃ နာရီခွဲတွင် ကောင်တာပိတ်မည်ဖြစ်ကြောင်း၊ ပြေးဆွဲပေးမည့် ခရီးစဉ်အရ ကျန်းမာရေးဆိပ်ကမ်းမှ တစ်ဆင့် ညနေ ၄ နာရီတွင် စတင်ထွက်ခွာ ပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်မြစ်တွင်းမှထွက်ကာ ဗိုလ်တထောင်ဘုရား အနီးတစ်ဝိုက်၊ ထိုမှတစ်ဆင့် သန်လျက်စွန်းသို့ပြေးဆွဲ၍ သန်လျက် စွန်းမှပြန်ကွေ့ကာ တောက်လျှောက် ရန်ကုန်မြစ်အတိုင်း ပြေးဆွဲမည်ဖြစ်သည်။ ယင်းနောက် တွံတေးမြစ်ဝရှိ မြစ်သုံးစင်းဆုံရာနေရာသို့ ဆက်လက် ပြေးဆွဲကာ ထိုမှတစ်ဆင့် ကြည့်မြင်တိုင်ကမ်းနားလမ်း တောက်လျှောက် ဘုရင့်နောင်တံတားအနီးထိ ပြေးဆွဲ၍ ကျန်းမာရေးဆိပ်ကမ်းသို့ ပြန်လည် မောင်းနှင် ရောက်ရှိလာမည်ဖြစ်သည်။ ညနေ ၄ နာရီတွင် စတင်ထွက်ခွာပြေး ဆွဲမည်ဖြစ်သည့်အတွက် နေဝင်ချိန် ဆည်းဆာအလှကို နှစ်ထပ်အပျော်စီး သင်္ဘောပေါ်မှတစ်ဆင့် ကြည့်ရှုခံစား နိုင်ကြမည်ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ - အာကာစိုး