ရန်ကုန် ၁၁ ဖေဖော်ဝါရီ

ရန်ကုန်မြစ်အတွင်း၌ ယနေ့နံနက် အစောပိုင်းက ဆီးနှင်းများ ကျဆင်းလာမှုကြောင့် ရန်ကုန်-ပန်းဆိုးတန်း(ဒလ)ကူးတို့ ချယ်ရီသင်္ဘောများနှင့် စက်တပ်သမ္ဗန်များ ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။

 

123

 

မြစ်အတွင်း နှင်းများ ကျဆင်းမှုကြောင့် ယနေ့ နံနက် ၇ နာရီခွဲ အချိန်မှ စတင်ပြီး ၈ နာရီအထိ မိနစ် ၃၀ ကျော်ခန့် ရပ်နားခဲ့ရကြောင်း ဒလသင်္ဘောဆိပ်ကမ်း မန်နေဂျာ ဒေါ်စုစုဝေက ပြောသည်။

 

123

 

“မနက်က နှင်းကျလို့ သင်္ဘောတွေကို ကမ်းကနေ မထွက်ခွာဖို့အတွက် အထက်လူကြီးတွေကတဆင့် ရေယာဉ်မှူးများကို  သတိပေး ပြောကြားထားပါတယ်၊ နာရီဝက်ကျော်လောက် ခရီးသည်တွေ အချိန်ကြာကြီး ရပ်စောင့်လိုက်ရတယ်၊ ခရီးသည်များလာလို့ ရပ်နားထားတဲ့ ချယ်ရီ(၂)သင်္ဘော နဲ့ အစားထိုးပြေးဆွဲ ပေးလိုက်ပါတယ်၊ စုစုပေါင်း ချယ်ရီသင်္ဘော(၃)စီးနဲ့ ပုံမှန်အခေါက်ရေအတိုင်း ကူးတို့ပြေးဆွဲပေးလို့ ခရီးသည်တွေ အဆင်ပြေသွားကြပါတယ်၊ နှင်းကျချိန် မြင်ကွင်း မရှင်းလင်းရင် ကမ်းကနေ မထွက်ခွာဖို့ ရာသီဥတုအခြေအနေကို စောင့်ကြည့်ပြီးမှ ထွက်ဖို့ ရေယာဉ်မှူးတွေကို သတိပေးရတယ်၊ မေးရတယ်၊ သူတို့က ထွက်လို့ အဆင်ပြေတယ်ဆိုမှ ထွက်ခွာပါတယ်၊ ဝန်ထမ်းတွေ အနေနဲ့ အမြဲတမ်းဂရုတစိုက်ဆောင်ရွက်ပေးလျက်ရှိပါတယ် ” ဟု ဒလသင်္ဘောဆိပ်ကမ်း မန်နေဂျာ ဒေါ်စုစုဝေက ပြောသည်။

ရန်ကုန်ဘက်ကမ်းသို့ ကူးမည့် ဒေသခံခရီးသွား ပြည်သူတစ်ဦးဖြစ်သူ မြို့မ(၄)ရပ်ကွက်မှ ဒေါ်အေးသန္တာဇော် က “ကျွန်မတို့ နံနက် ၇ နာရီခွဲက ရောက်နေတာ ခုချိန်ထိ နှင်းကျဆင်းတာ များများလာတယ်၊ ၉ နာရီထိကို နှင်းက ကျနေတာ၊  ဒီနေ့မှ စပြီးတော့ နှင်းကျတာဆိုတော့ အလုပ်သွားမယ့်သူတွေ အချိန်နောက်ကျတာတွေ ရှိတယ်၊ တစ်ချို့ဆို အလုပ်မသွားကျဘဲ အိမ်ပြန်ကျတာတွေရှိတယ်၊ စောင့်နေတဲ့ သူတွေလည်းရှိတယ်၊ တံလျပ်ကူးတို့ဆိပ်က သမ္ဗန်စီးတဲ့သူတွေ အများစုက တစ်စီးကို (၅)ဦးနှုန်းနဲ့ ကူးတို့ပို့ဆောင်ပေးနေတာကို တွေ့တယ်၊ နှင်းကကျနေတော့ အရမ်းအန္တရာယ်များပါတယ်” ဟု ဒေါ်စုစုဝေက ဆက်လက်ပြောပြသည်။

ဒလမြို့နယ်၌ စက်တပ်သမ္ဗန်အများဆုံး ကူးတို့ပို့ဆောင်ပေးနေသည့် ကမာအောင်ကူးတို့ဆိပ်မှ စက်တပ်သမ္ဗန်ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဦးတင်နီ က  “နံနက် ၄ နာရီလောက် က စပိတ်တာ ၈ နာရီခွဲအချိန်ထိ ဒါတောင် နှင်းကျနေတာ ဒလဘက်ကမ်းကနေ ရန်ကုန်ဘက်ကမ်းကို မမြင်ရဘူး၊ နှင်းကွဲမှ ထွက်ခိုင်းတယ်၊ မြစ်လယ်လောက်ကျမှ ရန်ကုန်ဘက်ကို မြင်ရတာ၊ ဒီက စက်တပ်သမ္ဗန်တွေ အားလုံးက လူအပြည့်တင်ပြီး ရာသီဥတု အခြေအနေကြည့်ပြီးမှ ထွက်ခွာတယ်၊  ရေယာဉ်အန္တရာယ်ကင်းရှင်းအောင် ခရီးသည်တွေ အတွက် အသက်ကယ်အင်္ကျီတွေ တပ်ဆင်ပေးထားတယ်၊ ဗောကွင်းပါတယ်၊ စက်ကောင်းမှ တပ်မကောင်းမှ ထွက်ခိုင်းတယ်၊ လူကြီးတွေအနေနဲ့ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြစ်အတွင်း ဆီးနှင်းများ ကျဆင်းနေ၍ မြစ်အတွင်း၌ မြင်ကွင်းများ ရှင်းလင်း ကောင်းမွန်မှုမရှိခြင်းကြောင့် ရန်ကုန်-ပန်းဆိုးတန်း(ဒလ)ချယ်ရီသင်္ဘောများ အနေဖြင့် မိနစ်(၃၀) ကမ်းကပ် ရပ်နားခဲ့ရပြီး ၈ နာရီ ၅ မိနစ် အချိန်၌ မြင်ကွင်းများ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ပုံမှန် ကူးတို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဒလမြို့နယ်အတွင်း၌ သမဝါယမအသင်းပိုင် ကူးတို့ဆိပ်ငါးဆိပ်၌ စက်တပ်သမ္ဗန်ပေါင်း ၁၆၇ စင်းနှင့် ပုဂ္ဂလိပိုင် ကူးတို့ဆိပ် ခြောက်ဆိပ်၌ စက်တပ်သမ္ဗန်ပေါင်း ၃၃၁ စင်း စုစုပေါင်း ၄၉၈ စင်းရှိပြီး ကူးတို့ဆိပ်ပေါင်း ၁၁ ဆိပ် ရှိသည်။ ထို့အတူ ဂျပန်နိုင်ငံမှ လှူဒါန်းထားသည့် ချယ်ရီသင်္ဘော (၃)စီးဖြင့် ဒေသခံပြည်သူများနှင့် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များမှ ပြည်သူများကို နေ့စဉ် ပိတ်ရက်မရှိ ကူးတို့ပို့ဆောင်ပေးလျက်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)