ဖေဖော်ဝါရီ ၂၄ ရက်

 

ရန်ကုန်မြို့ အိမ်ရာအရောင်းပြခန်း (Yangon City Gallery) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၇)နာရီခွဲတွင် ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာ အဆောက်အဦ၌ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

 

1111

 

ဖွင့်ပွဲအား ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် တာဝန်ရှိသူတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

112

 

ထို့နောက် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် "ဒီနေ့ဟာ ရန်ကုန်မြို့တော်ကြီးအတွက် အလွန်မင်္ဂလာရှိတဲ့ နေ့တစ်ရပ်ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့  ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရန်ကုန်မြို့မှာ နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေတဲ့ သူတွေအားလုံးကို ဖြေရှင်းဆောင်ရွက်ပေးမယ့် Yangon City Gallery တစ်ခုကို အခုဖွင့်လှစ်လိုက်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

 

ဒီနေရာဟာ ရန်ကုန်တိုင်းအတွင်း နေထိုင်စရာ အခက်အခဲဖြစ်နေသူတွေကို ဖြေရှင်းဆောင်ရွက်ပေးမယ့် နေရာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမခြေလှမ်းကို စတင်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ရန်ကုန်မှာ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာတွေကို တည်ဆောက်ပြီး ပြည်သူလူထုကို ဒီနေရာကနေ ဖြန့်ချိရောင်းချပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

 

ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုများကို အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုရင် မျှော်မှန်းချက်ကို ရောက်နိုင်မည်ပြီး ဝိုင်းဝန်းကြိုးပမ်းကြရန်လည်း ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။

 

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဘက်ကနေ ပုဂ္ဂလိကနဲ့ ပူးပေါင်းထားတဲ့  Yangon Metropolitan Development Company ရယ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနရယ် ပူးပေါင်းပြီး ဒီနေရာမှာ အများပြည်သူရဲ့ နေရေးအခက်အခဲဖြစ်နေမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  နေရေးအခက်အခဲ ဖြစ်နေသူတွေအားလုံးအတွက် ဒီနေရာက အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးဖို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီကြိုးပမ်းဆောင်ရွက်မှုကို အစိုးရကရော၊ ပုဂ္ဂလိက ကဏ္ဍရော၊ ဘဏ်တွေရော၊ အာမခံ ကုမ္ပဏီတွေရော၊ လုပ်ငန်းရှင်တွေရော၊ နေရေးအခက်အခဲရှိတဲ့သူတွေ အားလုံးက စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ကို ရောက်နိုင်မှာဖြစ်ပါတယ်။ ဒီအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြဖို့ လိုပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အိမ်ရာအရောင်းပြခန်းတွင် ဆောက်လုပ်ပြသထားသည့် အဆောက်အဦပုံစံများကို လှည့်လည်ကြည့်ရှုကြသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် ကော်မတီဝင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဆန်းကျော်ဦး(ပြန်/ဆက်)