ရန်ကုန်      စက်တင်ဘာ     ၂၉

အိန္ဒိယနိုင်ငံသံရုံးက      ကြီးမှူးကျင်းပသည့် “Viksit Bharat Run 2025” အပြေးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက   ရန်ကုန်မြို့   ပြည်သူ့ရင်ပြင်တွင် ကျင်းပရာ       ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ   အိန္ဒိယနိုင်ငံသံအမတ်ကြီး   H.E. Mr. Abhay Thakur နှင့်တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ      မြန်မာနိုင်ငံဆိုင်ရာ       အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများက သွေးပူလေ့ကျင့်ခန်းပြုလုပ်ကြပြီး ပြိုင်ပွဲတွင် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်တာဝန်ရှိသူများက အလံတင် တာလွှတ်အပြီး ပြိုင်ပွဲဝင်  ၃၀၀ ခန့်က ပြည်သူ့ရင်ပြင် အတွင်းမှ    ပြည်လမ်း- အလုံလမ်း- ဦးဝိစာရလမ်းအတိုင်း ထိုမှ  ရွှေတိဂုံစေတီတော်  အနောက်ဘက် ပြည်သူ့ရင်ပြင် အရှေ့ဘက်ဝင်ပေါက်အထိ ငါးကီလိုမီတာ ယှဉ်ပြိုင်ကြရာ ပန်းဝင်သူများကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊   မြန်မာနိုင်ငံဆိုင်ရာ   အိန္ဒိယ နိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများက အားပေး ကြိုဆိုကြကာ   ဆုရရှိသူများအား   ဆုများပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့က ကြီးမှူး၍ JNCS ကုမ္ပဏီလီမိတက်မှ ဦးဆောင်ကျင်းပသည့် IMAKI Pride Glory Honor မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်  သိမ်ဖြူ အားကစားရုံ၌ တွဲဆိုင်း ၁၀ ဆိုင်းအဖြစ်  အမျိုးသား  လေးချီ လေးပွဲ၊ အမျိုးသား ငါးချီ ငါးပွဲနှင့် အမျိုးသမီးသုံးချီ တစ်ပွဲတို့ ကျင်းပသည်။

ပြိုင်ပွဲသို့  ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက၊     တိုင်းဒေသကြီး ဝန်ကြီးချုပ်၊   ရန်ကုန်တိုင်းဒေသကြီး   လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပရိသတ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ရန်ကုန်တိုင်း‌ဒေသကြီး  ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး   လုံခြုံရေးနှင့်   နယ်စပ် ရေးရာဝန်ကြီးတို့က ပြိုင်ပွဲဝင်အားကစားသများအား ဆုတံဆိပ်များနှင့်   မြန်မာနိုင်ငံလက်‌ဝှေ့ဒိုင် အဖွဲ့ကို‌  ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

ဇွဲထက်ကို(ပြန်/ဆက်)