ရန်ကုန် ၁၂ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပသည်။
အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြရာ မြန်မာနိူင်ငံ ရဲတပ်ဖွဲ့ ရဲတီးဝိုင်းက နိုင်ငံတော်သီချင်းကို တီးမှုတ်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးလှအေး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား၊ တိ်ုင်းရင်းသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ခရိုင်၊ မြို့နယ်များမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
သန့်စင်ဝင်း၊ ဓာတ်ပုံ - ဇော်မင်းလတ်


