တင်ဝင်းတင်၊ ဓာတ်ပုံ - ဘော်ဂါသွေး
ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးမှာ မောင်းနှင်နေတဲ့ ကားအစီးအရေအတွက်က ငါးသိန်းကျော်ရှိတယ်လို့ သိထားရပါတယ်။
အဲဒီ ငါးသိန်းကျော်ထဲမှာ စီးပွားရေးအဖြစ် လုပ်ကိုင်ပြေးဆွဲနေတဲ့ Taxi လို့ခေါ်တဲ့ အငှား ယာဉ်ပေါင်းက ခြောက်သောင်းခြောက်ထောင် ကျော်ရှိတယ်လို့ ထပ်ဆင့်သိလာရပြန်ပါတယ်။
အဲဒါကြောင့်မို့လားမသိ မြို့လယ်မီးပွိုင့် တစ်ချက်မိတဲ့ အချိန်လေးကိုပဲကြည့်။ ကားအသွယ် သွယ်ကြားမှာ Taxi ဆိုတဲ့ ဘုတ်လေးတွေ ကားအမိုးပေါ်တင်ပြီး ရပ်စောင့်နေတဲ့ကားလေးတွေ အနည်းဆုံး ၁၅ စီးကနေ အစီး ၃၀ ခန့်ကို တွေ့တွေ့ နေရတာဖြစ်ပါတယ်။
နောက် လက်ညိုးထိုးလို့မလွဲ တွေ့နေရပြန်တာကလည်း အဲဒီ Taxi အငှားယာဉ်လေးတွေပါ။ ခရီးသည် တစ်ယောက်က ကားကိုတားပြီး ဈေးစကားပြောနေချိန်မှာ နောက် အငှားယာဉ် နှစ်စီး၊ သုံးစီးက ရပ်စောင့်နေတတ်ကြပါတယ်။ ရှေ့ကား ဈေးမတည့်ရင် နောက်ကဝင်ပြီး လိုက်နိုင်တဲ့ဈေးနဲ့ လိုက်ပါသွားတတ်ကြပါတယ်။
အုံနာကြေးရရှိရေး
အငှားတက္ကစီတစ်စီး နေ့စဉ်ထွက်နိုင်ဖို့ အနေအထားကိုကြည့်မယ်ဆိုရင် အငှားယာဉ် မောင်းသူတစ်ယောက်အနေနဲ့ ဦးစွာရှာရမှာက အုံနာကြေးငွေကျပ် ၁၀ဝ၀ဝ ပါ။ ဂက်စ်ကားနဲ့ ဆီကား အုံနာကြေးကွာဟမှုတော့ ရှိပါတယ်။ နောက်တစ်နေ့တာ အသုံးပြုမယ့် ဂက်စ်နဲ့ ဆီဖိုးပါ။ ဒါကလည်း ဂက်စ်ကားဆို ထောင်ဂဏန်းလောက်ပဲ ရှိပေမယ့် ဆီကားကတော့ ကျပ် ၁၀ဝ၀ဝ ဖိုးတော့ ပုံမှန်ထည့်ကြရပါတယ်။ ဒါကြောင့် အငှားတက္ကစီ မောင်းသူတစ်ဦးဟာ ဦးစွာပထမ ငွေကျပ် ၂၀ဝ၀ဝ ခန့်ရပြီးမှ ထပ်မံရရှိလာမယ့်ငွေကသာ မိမိအတွက် ဖြစ်ပါတယ်။ အိမ်မိသားစုတစ်ခုရဲ့ ဈေးအသုံးစရိတ်ဟာ ပျမ်းမျှ ကျပ် ၁၀ဝ၀ဝ ဝန်းကျင်ရှိပါတယ်။ အဲဒီလူတစ်ယောက် ငွေကျပ် ၃၀ဝ၀ဝ ရရှိဖို့ အတော်လှုပ်ရှား မောင်းနှင်ရပါတယ်။ အခါကြီး ရက်ကြီးနဲ့ အခြေအနေကောင်းတဲ့အခါမျိုးမှာတော့ ကျပ် ၃၀ဝ၀ဝ မက ရရှိတတ်ကြပါတယ်။ တစ်ခါ တစ်ခါ အုံနာကြေးမပြည့်လို့ မိမိပေးထားတဲ့ ငွေထဲက ခုနှိမ်ရင်း ခုနှိမ်ရင်းက ငွေပျောက်သွား တဲ့သူတွေလည်း တက္ကစီလောကမှာ ကြားကြားနေရတတ်ပါတယ်။
လိုင်းကားနဲ့ ရထား အားကိုးလာနိုင်
နောက်တစ်ခု ဆိုချင်တာက ရန်ကုန်မြို့ပေါ်မှာ လိုအပ်တာထက်ပိုပြီးTaxi အငှားယာဉ်တွေက များပြားလွန်းနေတာပါ။ ဒါကလည်း လက်ရှိ အခြေအနေအရ လိုအပ်ချက်တစ်ခုနဲ့တော့ ရှိနေဦးမှာပါ။ အခုမြို့ပေါ်မှာပြေးဆွဲနေတဲ့ YBS တွေ စီစဉ်မှု ပိုမိုအောင်မြင်လာရင်ရယ်၊ လက်ရှိ ပြင်ဆင်နေတဲ့ မြို့ပတ်ရထားလမ်းများ ပြီးသွားရင်ရယ် ခရီးသွားအများစုက လိုင်းကားနဲ့ ရထားကို ပိုမိုအားကိုးလာကြမှာပါ။
Taxi အငှားယာဉ်တွေက က.ည.န ရဲ့ သတ်မှတ်ချက်ငွေကြေးတွေ ပေးဆောင်ပြီးမှ မောင်းနှင်ရတာဖြစ်သလို ယခင် စည်ပင်မှာ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ပြီးမှသာ မောင်းနှင် ရတာဖြစ်ပါတယ်။ အနောက်ပိုင်းမှာတော့ ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှာ မှတ်ပုံတင် ကြရမှာဖြစ်ပါတယ်။ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းတွေ နေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့ ကျိုက္ကဆံ ကွင်းရှေ့က စူပါဝမ်းကုန်တိုက်အနီးကပ်လျက်က ယခင် မ.ထ.သ တိုင်းရုံး ယခု YRTA ရုံးမှာ သွားရောက်ပြီး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
လိုအပ်တာကတော့ အုံနာဘုတ်၊ ယာဉ်မောင်း လိုင်စင်၊ လိုင်စင် ဓာတ်ပုံနှစ်ပုံ၊ ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းမိတ္တူတွေ တစ်ပါတည်းယူသွားဖို့ လိုပါတယ်။ ငွေကြေးအနေနဲ့ကတော့ ကျပ် ၁၆၀ဝ၀ လောက် ကုန်ကျလိမ့်မယ်လို့ ဆိုပါတယ်။

စီးတီးတက္ကစီ မှတ်ပုံတင်ဖို့
ဒါပေမယ့် တက္ကစီကားအချို့က အခြေအနေ ကိုစောင့်ကြည့်ရင်း စောင့်ကြည့်ရင်းက မှတ်ပုံ လာမတင်တဲ့သူတွေ အတော်များများလာတယ်လို့ ကြားလာရတယ်။ စီးတီးတက္ကစီမှတ်ပုံတင်ဖို့ ပျက်ကွက်နေတဲ့သူတွေကို အဲဒီတုန်းက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီး မှတ်ပုံတင်ကြဖို့ကို နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာခဲ့တယ်။ တစ်ရက်ကို အစီးရေ ၁၀ဝ၀ အထိ အဆင်ပြေစွာ ဆောင်ရွက်ပေးမယ်လို့လည်း ကြေညာချက်ထဲမှာ ပါခဲ့ပါတယ်။ ဒါပေမယ့် မှတ်ပုံတင်ပြုလုပ်ပေးမယ့်ရက်ကို ထပ်မံတိုးမြှင့်ပေး မှာတော့ မဟုတ်ဘူးလို့ဆိုပါတယ်။
ဒါပေမယ့် ယာဉ်ပိုင်ရှင်တွေရဲ့ တောင်းဆိုမှု ကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ ထပ်မံ တိုးမြှင့်ဆောင်ရွက်ပေးရန် စီစဉ်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာ မှတ်ပုံတင်ဖို့ အစီးရေ ၅၀ဝ၀ ကျော် ကျန်ရှိနေသေးတယ်လို့ သိရပြန်ပါတယ်။ ဒါကလည်း နယ်မှာပြေးဆွဲနေတဲ့ ကားတွေရယ်၊ ယာဉ်အိုယာဉ်ဟောင်းအပ်ပြီး အသစ်သွင်း လာတဲ့ကားလောက်ပဲ ရှိနိုင်တာလို့ တွက်ဆကြ ပါတယ်။
ကုန်ကျငွေအတွက် အကျိုးမရှိ
ဒီနေရာမှာ အငှားတက္ကစီယာဉ်မောင်းသူ တစ်ဦးရဲ့ ဆိုစကားကိုလည်း နားထောင်မိပါတယ်။ “ကျွန်တော်တို့ အငှားတက္ကစီတွေအနေနဲ့ တစ်ခါ က.ည.န မှာ လိုင်စင်ဝင်ရင် အရင်က ငွေကျပ် ၇၅၀ဝ၀ - ၈၀ဝ၀ဝ လောက် ကုန်ကျပေမယ့် အခုက ၁၅၀ဝ၀ဝ - ၁၆၀ဝ၀ဝ - ၁၇၀ဝ၀ဝ လောက် ကုန်ကျ မှုငွေ ရှိပါတယ်။ အခု စီးတီးတက္ကစီမှတ်ပုံတင် ကိစ္စကျတော့ သူတို့ဘက်ကကြည့်ရင်တော့ လုံခြုံရေးအရ မှန်မှာပါ။ ကျွန်တော်တို့ဘက်က ကြည့်ရင်တော့ အဲဒီကုန်ကျငွေအတွက် ဘာအကျိုး တစ်ခုမှ မခံစားရဘူးလို့မြင်တယ်။ အဲဒီကရတဲ့ငွေနဲ့ အငှားယာဉ်တွေ ခေတ္တရပ်နားဖို့ နေရာလေးတွေ သတ်မှတ်ပြီး လုပ်ပေးစေချင်တယ်။ ဂျပန်ဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးရှေ့မှာတော့ နှစ်ခုရှိတယ်။ မလုံလောက်ဘူး။ နေရာအတော်များများမှာ စိတ်ချ လက်ချနားနိုင်၊ ခရီးသည်ကို ရပ်စောင့်နိုင်ဖို့ လုပ်ပေးသင့်တယ်။ လမ်းပေါ်မှာရပ်လို့ဆိုပြီး အဖမ်းခံရမှာစိုးတဲ့အတွက် ပတ်မောင်းနေရတယ်။ အဲဒီအတွက် ဆီကုန်ပြီး အဖတ်မတင်ဖြစ်နေရ ပါတယ်” ဟု ရင်ဖွင့်ခဲ့ပါတယ်။
မည်သို့ပင်ဆိုစေ YRTA အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် စီးတီးမှတ်ပုံတင်ဖို့ ကျန်ရှိနေသေးတဲ့ အငှားယာဉ်များအတွက်ကိုတော့ အတတ်နိုင်ဆုံးတော့ ဖြေလျှော့မှုတွေနဲ့ ဆောင်ရွက်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ တင်ပြပေးသွားမယ်လို့ဆိုတဲ့အတွက် အခက်အခဲအမျိုးမျိုး ကြားက ရုန်းကန်နေကြရတဲ့ အငှားတက္ကစီ ယာဉ်ပိုင်ရှင်များ၊ အငှားယာဉ်မောင်းများက YRTA ရဲ့ ဆောင်ရွက်ပေးလာမှုအပေါ် ကြိုဆို ကျေးဇူးတင်လျက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ငဲ့ညှာမှုများအပေါ် စောင့်မျှော်လျက်ရှိနေပါကြောင်း ဖော်ညွှန်းရေးသားလိုက်ရပါတယ်။
မြန်မာ့အလင်း


