ရန်ကုန် ဒီဇင်ဘာ ၂၃

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ ပထမနှစ်သင်တန်းကို နိုဝင်ဘာ ၂၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ တက်ရောက်လာကြသည့် သစ်လွင် ကျောင်းသား ကျောင်းသူများ ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံရေးရာ၊ ဘဏ္ဍာရေးရာ၊ သင်တန်းရေးရာ၊ စာပေးစာယူဌာနတို့မှ ဌာနမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများနှင့် သစ်လွင် ကျောင်းသား ကျောင်းသူ ၅၁၃ ဦးတို့ တက်ရောက်ကြသည်။

 

ဦးစွာ ရန်ကုန်ပညာရေး တက္ကသိုလ် ပညာရေးဘွဲ့ ကျောင်းသား ကျောင်းသူများက ရန်ကုန် ပညာရေးတက္ကသိုလ်၏ ကျောင်းသီချင်းဖြစ်သော “အမိဝမ်းမြောက်ပါစေ သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကေသွယ်လှိုင်က ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူးရခြင်းဖြင့် ဆရာအတတ်ပညာများနှင့် အဓိက ဘာသာရပ်ကြီးများ ပူးပေါင်းထားသော ခေတ်မီသင်ရိုးများကို သင်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ ခေတ်မီ ပေါင်းစပ်ပညာရေးကို သင်ယူနိုင်ခြင်းအားဖြင့် အနာဂတ်တွင် သင်ကြား၊ သင်ယူမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည့် အရည်အသွေးရှိသော ဆရာ ဆရာမများ အမှန်တကယ် ဖြစ်လာမည်ဖြစ်ကြောင်း၊ ဆရာကောင်းတစ်ယောက်ဖြစ်ရန် မိမိသင်ယူရမည့် သင်ခန်းစာများအပြင် မျိုးချစ်စိတ်ဓာတ်ရှိခြင်း၊ သင်ကြားနည်းပိုင်နိုင်ခြင်း၊ အစဉ်ဉာဏ်ရည်သွေးနေခြင်း၊ ဆရာစိတ်ရှိခြင်း စသည့်အချက်များနှင့် ပြည့်စုံရန် လိုအပ်ကြောင်း၊ သီလ၊ သမာဓိတို့ကို တိုးတက်စေရန်အတွက် စာရိတ္တနှင့် ပြည်သူ့နီတိ ယဉ်ကျေးမှုအခြေခံများကိုလည်း သင်ယူရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်ဌာန အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များက သစ်လွင်ကျောင်းသား ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ဆုံးမစကားပြောကြား ကြပြီး ဌာနမှူး (သင်တန်ရေးရာ)က ကျောင်းသား ကျောင်းဆောင် စည်းမျဉ်းစည်းကမ်းများကို လည်းကောင်း၊ ပညာရေးစိတ်ပညာဌာနမှ ပါမောက္ခ(ဌာနမှူး)က ပညာရေးဘာသာရပ်များ ဖြစ်သော ပညာရေးစိတ်ပညာ၊ ပညာရေး သဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှု၊ သင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်းဘာသာရပ်များအပြင် ကာယပညာနှင့် ကျောင်းကျန်းမာရေး ဘာသာရပ်များကို လည်းကောင်း၊ ဝိဇ္ဇာ၊ သိပ္ပံ တတ်ကျွမ်းဘာသာရပ်ဆိုင်ရာ ဆရာကြီး ဆရာမကြီးများက ကျောင်းသားများ လုပ်ငန်းခွင်ဆက်လက်ရှင်သန်ပြီး သင်ကြားရေးတာဝန် ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် KG+12 သင်ရိုးညွှန်းတမ်းနှင့်အညီ မွမ်းမံမြှင့်တင်ပြီး ထိရောက်စွာ သင်ကြားပေးနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း ပြောကြားကြသည်။

 

ထို့နောက် ကျောင်းသား ကျောင်းသူများကလည်း တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြ ဖျော်ဖြေကြကြောင်း သိရသည်။

သတင်းစဉ်